Home
မေးမြန်းခန်း
ကျနော်တို့ နှစ်နိုင်ငံက တနိုင်ငံတည်း နီးပါး ဖြစ်နေပါပြီ
နေသွင်
·
May 30, 2012
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အပေါ် ထိုင်းလူမျိုးတွေရဲ့ အမြင်ကို သိရအောင် ထိုင်းနိုင်ငံက အထက်လွှတ်တော် အမတ်ဟောင်း ခရိုင်ဆတ် ချွန်ဟာဗန် နှင့် မေးမြန်းချက်ဖြစ်ပါတယ်။ [caption id="attachment_12534" align="alignleft" width="300" caption="မစ္စတာ ခရိုင်ဆတ် ချွန်ဟာဗန်"][/caption] မစ္စတာ ခရိုင်ဆတ်ဟာ မြန်မာ့ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ထောက်ခံသူဖြစ်ပြီး ထိုင်းရောက် မြန်မာ အတိုက်အခံတွေ နဲ့ အလုပ်သမားရေး လုပ်ဆောင်နေ တဲ့ အဖွဲ့တွေကို နှစ်ပေါင်းများစွာ ကူညီ အားပေးနေသူဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံတဲ့ ပထမဆုံး နိုင်ငံဖြစ်လာ ပါတယ်။ ဒါဟာ ထိုင်းပြည်သူတွေနဲ့ ထိုင်းအစိုးရအတွက် ဘယ်လောက် ထူးခြားတယ်လို့ ပြောလို့ ရမလဲ။ “အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ပထမဆုံး လာရောက်တဲ့ အတွက် ထိုင်းပြည်သူတွေတော့ ၀မ်းသာပီတိဖြစ်နေကြတယ်။ ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင် စနစ်ကို တွန်းလှန်တဲ့ သင်္ကေတလည်း ဖြစ်တယ်။ မြန်မာပြည် တခုတည်းအတွက် မဟုတ်ပါဘူး၊ ဒေသတခုလုံးအတွက်ပါ။ သိတဲ့အတိုင်းပဲ ကျနော်တို့ ဒေသက နိုင်ငံတွေ အားလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြတယ် ဆိုပေမယ့် နိုင်ငံတော်တော်များများမှာ အပြည့်အ၀ မလွတ်မြောက်ကြသေးပါဘူး၊ အကန့်အသတ်တွေ ရှိနေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးကတော့ နိုင်ငံအားလုံးအတွက်၊ အဲဒီနိုင်ငံတွေက ပြည်သူတွေ အားလုံးအတွက် အလွန်အရေးကြီးတဲ့ သမိုင်းဝင်ပြယုဂ်တခု ဖြစ်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံကို လာတာဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ဖို့ လာတာပေါ့လေ။ ဒါပေမယ့် အဲဒီ ဖိုရမ်ကို မတက်ခင်မှာ ထိုင်းမှာ ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီကို သွားခဲ့တယ်၊ ထိုင်းနိုင်ငံ အတွက်ဆိုရင် ဒီလုပ်ရပ်က ဘယ်လို အဓိပ္ပာယ်ဖြစ်မလဲ၊ ဘယ်လိုယူဆလဲ။ “အရင်တုန်းဆိုရင် မြန်မာရွှွေွှ့ပြောင်းအလုပ်သမားတွေကို တွေ့ဖို့ဆိုတာမျိုးကို ထိုင်းအစိုးရက အလွယ်တကူ ခွင့်မပြုတတ်ပါဘူး၊ ဒီလုပ်ရပ်မျိုးက တခါတလေကျတော့ ထိုင်းအစိုးရ ကိုယ်တိုင်အတွက် ရှက်စရာကောင်းပါတယ်။ အခုတခါမှာတော့ ထိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စမွတ်စခွန် ခရိုင်ထဲမှာ ပါတဲ့ မဟာချိုင်တ၀ိုက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ခွင့် ဖွင့်ပေးလိုက်တယ်။ တကယ်တမ်းကျတော့ မဟာချိုင်ဒေသမှာ မြန်မာပြည်သား လူဦးရေက ထိုင်း လူဦးရေထက် ပိုများနေတယ်။ တခြား ရနောင်း၊ တာ့ခ် ခရိုင်တွေမှာလည်း ဒီလိုပဲ မြန်မာပြည်ဘက်က လူဦးရေက ထိုင်းနိုင်ငံသားတွေထက် ပိုများပါတယ်။ ထိုင်းတော်တော်များများက ထိုင်းနိုင်ငံနဲ့ မြန်မာပြည်ဆိုတာ အတိုင်းအတာတခုအထိ နှစ်အိမ့်တအိမ် ဖြစ်နေပြီလို့ ယူဆနေကြပါတယ်။ အခုဆိုရင် ကျနော်တို့ နှစ်နိုင်ငံက တနိုင်ငံတည်း နီးပါး ဖြစ်နေပါပြီ။” တချို့ စည်းရုံးလှုပ်ရှားနေတဲ့အဖွဲ့တွေက မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ ဆိုကြတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကြောင့် ရှေ့မှာ ထိုင်းမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခြေအနေပိုကောင်းလာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာမလား။ “အခွင့်အရေး ချိုးဖောက်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေကတော့ ဆက်ရှိနေပါတယ်။ ဒါပေမယ့် အခြေအနေတွေကတော့ သိသိသာသာ လျော့နည်းလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မတိုင်ခင်ကတည်းကပါပဲ။ ဒီလိုဖြစ်လာတဲ့ အကြောင်းရင်း ၂ ခု ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ခရီးစဉ်ကလည်း အခြေအနေ တစုံတရာ တိုးတက်လာမယ်လို့ ပြောလို့ရပါတယ်။ ကျနော်ဆိုလိုတာက မြန်မာပြည်မှာ ပွင့်လင်းလာတဲ့အမျှ ထိုင်းနိုင်ငံအတွက် ချက်ချင်းဆိုသလို လုပ်သား လိုအပ်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေက လုပ်အားခတွေ တိုးပေးလာရတယ်။ အလုပ်သမားတွေအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံလာရမယ်။ ထိုင်းအစိုးရ အလုပ်သမားရေးရာ ဌာနကလည်း အလုပ်သမားတွေရဲ့ အခက်အခဲတွေအပေါ်မှာ ပိုပြီး အာရုံစိုက်လာပါ တယ်။ ဒီ အလုပ်သမားတွေက ထိုင်း စီးပွားရေးရဲ့ အလွန် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေလို့ပါပဲ။ မြန်မာပြည်က အလုပ်သမားတွေမရှိရင် ထိုင်းစီးပွားရေးဆိုတာလည်း ဆက် မရှိနိုင်ပါဘူး။ တတိယ အချက်ကတော့ မြန်မာသံရုံးနဲ့ တွဲပြီးတော့ ထိုင်းအလုပ်သမားရေးရာ ဌာနကနေ မြန်မာနိုင်ငံတွေသားတွေကို တရားဝင် စာရွက်စာတမ်းတွေကို စနစ်တကျ မှတ်ပုံတင်ပြီး ထုတ်ပေးနေပါတယ်။ ဆိုလိုတာက အရင်ထက် ပိုပြီး အသိအမှတ်ပြုလာတဲ့ သဘောပါ။ ဒါပေမယ့် လိုအပ်နေတာက အလုပ်သမားသမဂ္ဂတွေမှာ အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်မရသေးတာပါ။ ဒီကိစ္စကို ဥပဒေနဲ့အတည်ပြုဖို့ လိုပါတယ်။ နောက်တခုကတော့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီလိုကဏ္ဍတွေမှာ တနိုင်တပိုင်လုပ်နေကြတာတွေတော့ ရှိပါတယ်။ မဲဆောက်က ဒေါက်တာ စင်သီယာဆေးခန်းနဲ့ ဖန်ငက  ကိုထူးချစ်ရဲ့ ဖောင်ဒေးရှင်းလိုမျိုးပေါ့။ ဒါပေမယ့် ဒီလောက်နဲ့ မရပါဘူး။ ဒီလို တနိုင်တပိုင်အဖွဲ့တွေက လုပ်ပေးနိုင်တဲ့ အင်အားဟာ တကယ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။” မစ္စတာခရိုင်ဆတ် ကိုယ်တိုင်ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။ “ကျနော် သိပ်ကို တွေ့ချင်ပါတယ်။ အခွင့်အရေးရမယ် ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ချင်ပါတယ်။ ဒါပေမယ့် သူ သိပ်ကို အလုပ်များနေတယ် ထင်တယ်။ မြန်မာပြည်သူ ပြည်သားတွေနဲ့ အရင် တွေ့ပါစေဦးဗျာ၊ ဒါအကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်အနေနဲ့ သူနဲ့ တွေ့ခွင့်ရမယ်ဆိုရင်ဖြင့် သိပ်ကို ပျော်မှာပါပဲ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024