Home
မြန်မာသတင်း
သင်္ကြန်မဏ္ဍပ် သစ်သားဖြင့် ဆောက်လုပ်ခြင်း ကန့်ကွက်ထား
DVB
·
March 25, 2018
  သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရာမှာ ကြံ့ခိုင်မှုရှိစေဖို့အတွက် သစ်သားနဲ့ဆောက်လုပ်ခြင်း မလုပ်ဖို့ တားမြစ်ထားပေမယ့် သစ်သားနဲ့ဆောက်လုပ်ဖို့အတွက် အများစုတင်ပြလာရင် ပြန်လည်ညှိနှိုင်းပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ရာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ခေတ်မီတိုးတက်လာတာရယ်၊ မဏ္ဍပ်ခိုင်ခံ့မှုကို ဦးစားပေးပြီး ဆောက်လုပ်ရတာကြောင့် သစ်သားနဲ့ ဆောက်လုပ်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တွေတုန်းကလည်း မဏ္ဍပ်တွေကို သစ်သားနဲ့ ဆောက်လုပ်တာတွေ ရှိခဲ့ဖူးပါတယ်။ တကယ်လို့ မဏ္ဍပ်ဆောက်လုပ်သူအများစုက သံဖရိန်နဲ့ အသုံးမပြုချင်ဘဲ သစ်သားနဲ့ပဲ မဏ္ဍပ်ဆောက်လုပ်ချင်တယ်လို့ တောင်းဆိုလာရင် ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။ “ဟိုအရင်တုန်းကတော့ သစ်သားအသုံးပြုပြီး ဆောက်ခဲ့ကြတာပါ။ အခုဟာက ဆောက်လုပ်ရေး လုပ်ငန်းတွေက ခေတ်မီတိုးတက်လာပြီ။ နောက်တခုက ခိုင်ခံ့မှုကို ဦးစားပေးတဲ့ အတွက်ကြောင့် မနှစ်ကလည်း သစ်သားနဲ့ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုခဲ့ပါဘူး။ ဒီနှစ်လည်း ခိုင်ခံ့မှု ကို ဦးစားပေးတာ တကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း အရက်ထက် တိုးတက်လာ တာဖြစ်တဲ့အတွက်ကြောင့် ဈေးနှုန်းအနေနဲ့ ကြည့်မယ်ဆိုရင် သစ်သားအသုံးပြုတာထက် သံထည်အသုံးပြုတာက ပိုပြီးဈေးလည်း သက်သာတယ်၊ ခိုင်ခံ့မှုလည်း ကောင်းတာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ကလည်း သစ်သားနဲ့ ဆောက်လုပ်ခွင့် လောလောဆယ် ခွင့်မပြုဘူးလို့ အင်ဂျင်နီယာပိုင်းအမြင်အရရော လုံခြုံရေး စိတ်ချရမှုအပိုင်းရော ကျနော်တို့အနေနဲ့ စည်းကမ်းချက် သတ်မှတ်ထားပါတယ်။ အကယ်၍ အများစုက သစ်သားနဲ့ ဆောက်ခွင့်ပြုပါလို့ တင်ပြလာတာရှိရင် လည်း နောက်တကြိမ် အစည်းအဝေးကျတော့ ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီးတော့ လမ်းညွှန်မှု ခံယူရမှာပေါ့။” သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ နေရာ ၉၅ နေရာ သတ်မှတ်ပေးထားပြီး တချို့စည်းကမ်းချက်တွေကိုလည်း ဖြေလျော့ပေးထားပါတယ်။ ဒါကြောင့် မဏ္ဍပ်ဆောက်လုပ်ခွင့်တွေ လာရောက်လျှောက်ထားကြပါလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်တွန်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်က “လျှောက်လွှာတွေတော့ လာယူသွားတယ်။ ပြန်တင်တာ ၅ ဦးပဲ ရှိသေးတယ်။ အများကြီး လျှောက်ကြပါ။ အများကြီးလည်း လာတင်ကြပါ။ စည်စည်ကားကားလည်း လုပ်ကြပါ။ မဏ္ဍပ်တွေ လည်း စည်စည်ကားကားလေး လုပ်ပေးမှ ပျော်ရမှာပေါ့နော်။ ဘယ်လောက်ပဲ ၀န်ကြီးချုပ်တို့၊ အစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာတွေ ဘယ်လိုပဲ ဖွင့်ပေးဖွင့်ပေး ပြည်သူလူထုက ပါဝင်ဆောင်ရွက်လာမှ သင်္ကြန်မဏ္ဍပ်တွေ တိုးပွားလာမှ စည်ကားလာမှာပါ။ စည်းကမ်းချက်တွေကိုလည်း အများကြီး လျှော့ချပေးနေပါတယ်။ ဘေးလည်းကင်းရမယ် ပျော်လည်းပျော်ရမယ်ပေါ့နော်။ အဲဒီတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လျှောက်လွှာတွေလာပြီးတော့ ကမ်းလှမ်းကြ ပါ။ နေရာလည်း ၉၅ နေရာ သတ်မှတ်ပေးထားပါတယ်။” ပြောပါတယ်။ ဒီနှစ်ရန်ကုန်မဟာသင်္ကြန်ကို အရင်နှစ်တွေကထက် ပိုမိုစည်ကားစေချင်တာကြောင့် စီးပွားဖြစ်မဏ္ဍပ်တွေ ပြန်လည်ဆောက်လုပ်ခွင့်ပေးခဲ့ပြီး သတ်မှတ်စည်းကမ်းတွေကိုလည်း ဖြေလျော့ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်လွှာတွေ လာရောက်ထုတ်ယူပြီး ပြန်လည်တင်ထားသူ အနည်းငယ်သာရှိသေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024