လန်ဒန်တွင် ဖောက်ထွင်းဂိုဏ်းက အဘိုးအိုအား အက်ဆစ်ဖြင့်ပက်၍ လုယက် (ရုပ်သံ)

သံတူရွင်းတွေနဲ့ တူတွေကိုင်ထားတဲ့ ဖောက်ထွင်းဂိုဏ်းတဖွဲ့က အိမ်တအိမ်ထဲဝင်ပြီး အသက် ၁၁ နှစ်ကောင်လေးအား ဓားစားခံလုပ်ကာ ပင်စင်စားအဘိုးကြီးရဲ့မျက်နှာကို အက်ဆစ်နဲ့ပက်ပြီး အဖိုးတန်ပစ္စည်းတွေ လုယက်မှု လန်ဒန်တောင်ပိုင်း ချစ်စလယ်ဟာ့စ်ခရိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတွေက ပြောလိုက်ပါတယ်။ အိမ်ထဲမှာ ဆယ်ကျော်သက်မိန်းကလေး တဦးကိုလည်း သူမရဲ့ တန်ဖိုးရှိ လက်ဝတ်ရတနာတွေ ချွတ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အိမ်ပိုင်ရှင်တွေက အဖိုးတန်ပစ္စည်းတွေကို မပေးလို့ ၁၁ နှစ်အရွယ် ကောင်လေးကို အိမ်ထဲကနေ ဧည့်ခန်းထိ တရွတ်ဆွဲကာ အကြမ်းဖက်ခြိမ်းခြောက်ခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့ ညနေ ၆ နာရီအတွင်းက ဖောက်ထွင်းသူ ၄ ဦးဟာ အိမ်တံခါးဝမှန်ကို ခွဲပြီး အိမ်ထဲဝင်လာခဲ့ကြတာပါ။ အားလုံး အသက် ၂၀ ကျော်ရှိတဲ့ ဖောက်ထွင်းသူတွေက အသက် ၈၁ နှစ်အရွယ် အဘိုးအိုရဲ့ မျက်နှာကို အက်ဆစ်လို့ယူဆရတဲ့ အရည်တမျိုးနဲ့လည်း ပက်ပြီး ဆယ်ကျော်သက်မိန်းကလေးကို အိမ်ပေါ်ထပ်ဆီခေါ်ကာ သူမရဲ့ လက်ဝတ်ရတနာတွေ အဓမ္မချွတ်ခိုင်းခဲ့တာပါ။ ဒါပေမယ့် မိသားစုထဲက တယောက်က သူငယ်ချင်းတယောက်ကို ဖုန်းခေါ်နိုင်ခဲ့လို့ ရဲတွေကို အသိပေးနိုင်ခဲ့ပါတယ်။ စုံစမ်းရေးအရာရှိ ဘန်ဘရစ်ဆယ်ဒန်က ဒီအနီးအနားမှာ ဖြစ်ခဲ့တဲ့ ဖောက်ထွင်းမှု မှန်သမျှ ဒီအမျိုးသားတွေရဲ့ လက်ချက်လို့ ယူဆနေပါတယ်။ “တကယ့်ကို ဆိုးရွားတဲ့ ဖောက်ထွင်းမှုပါပဲ။ ညနေခင်း မိသားစုတွေ အိမ်မှာ ပျော်ပျော်ရွှင်ရွှင်နေချိန် အမျိုးသားလေးဦးရဲ့ ခြိမ်းခြောက်တိုက်ခိုက်ခံရပြီး သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူခံလိုက်ရတယ်။ ဒီဖောက်ထွင်းမှုနဲ့ ပတ်သက်လို့ သိခဲ့သူ ဘယ်သူမဆို ချက်ချင်း ဆက်သွယ်ပေးပါ” လို့ တိုက်တွန်းထားကြောင်း မေရာသတင်းမှာ မတ် ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up