ဘိုကိုဟာရမ်အဖွဲ့ ပြန်လွှတ်ပေးလိုက်သည့် ကျောင်းသူ ၁၀၇ ဦးကို နိုင်ဂျီးရီးယားသမ္မတ တွေ့ဆုံ

နိုင်ဂျီးရီးယားသမ္မတ မိုဟာမက်ဒူ ဘူဟာရီဟာ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ ကျောင်းသူ ၁၀၇ ဦးကို တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဘူဟာရီက ပြန်လွှတ်လာတဲ့ ကျောင်းသူတွေနဲ့ မတ်လ ၂၃ ရက်နေ့မှာ တွေ့ဆုံပြီး မလွတ်သေးဘဲ ကျန်နေတဲ့ အတန်းဖော်တွေလည်း ပြန်လွတ်မြောက်ဖို့ ကတိပေးခဲ့ပါတယ်။ ဘိုကိုဟာရမ်အဖွဲ့ဟာ ဖမ်းဆီးထားတဲ့ မိန်းကလေးတွေကို ဒက်ပ်ချီမြို့ထဲမှာ မတ် ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့တာပါ။ “အားလုံးဟာ ကျနော်တို့ရဲ့ သမီးတွေလိုပဲ၊ နိုင်ဂျီရီးယားမှာ ကိုယ်ရဲ့ စိတ်ကူးအိမ်မက်တွေကို လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ဖို့ ကတိပြုပါတယ်။ ကြောက်လန့်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်ခံရမှုတွေ မရှိဘဲ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ကျနော်တို့ အာမခံပါရစေ” လို့ သမ္မတ ဘူဟာရီက ပြောခဲ့ပါတယ်။ “ကျမတို့ရဲ့ဘ၀ကို အခုလိုကယ်တင်ပြီး ပြန်ပို့ပေးတဲ့အတွက် အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ ပြန်လွတ်လာတဲ့ ဒက်ပ်ချီကျောင်းသူတဦးက သမ္မတ ဘူဟာရီကို ပြောကြားခဲ့ပါတယ်။ အဖမ်းခံရချိန်မှာ သူတို့ကို ကောင်းကောင်းဆက်ဆံပေမယ့် တချို့ကတော့ အဖမ်းခံထားရတဲ့အချိန်မှာ သေဆုံးခဲ့ကြပြီး ပြန်မလွတ်သေးတဲ့ မိန်းကလေးတစ်ယောက်လည်း ရှိတယ်လို့ ပြန်လွတ်လာတဲ့ မိန်းကလေးတွေက ပြောပါတယ်။ ဘိုကိုဟာရမ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အသက် ၁၁ နှစ် နဲ့ ၁၉ နှစ်ကြား  မိန်းကလေး အယောက် ၁၁၀ ကို ပြန်ပေးဆွဲခဲ့တာပါ။ ဘိုကိုဟာရမ်အဖွဲ့က ၂၀၁၄ ခုနှစ်မှာ ချီဘုတ်ခရိုင်တွင်း ကျောင်းသူ ၂၇၀ ကျော်ကို ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ဒုတိယအများဆုံးပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up