Home
မြန်မာသတင်း
ကလေးမြို့တွင် လမ်းလျှောက်သင်္ကြန် ကျင်းပမည်
DVB
·
March 24, 2018
၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ အညီ ဖြစ်စေဖို့ လမ်းလျှောက်ရေသဘင်ပွဲအသွင်နဲ့ ကလေးမြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ ကလေးခရိုင်စီမံခန့်ခွဲမှူးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးကပြောပါတယ်။ “တို့ငယ်ငယ်ကလို လမ်းတလျှောက် အုန်းလက်ကလေးတွေနဲ့ မဏ္ဍပ်လေးတွေ လုပ်မယ်။ လောင်းလှေ ပေပါပုံးတွေနဲ့ ရေထည့်ပြီး ဖလားနဲ့ ရေလောင်းမယ်။ စတုဒီသာလည်း ကျွေးကြမယ်။ ရှေးယဉ်ကျေးမှု ပုံစံပေါ့။ အဲ့ဒီနေရာကို စက်ဘီး ဆိုင်ကယ် ကား လုံးဝ မဖြတ်ရဘူး။ လမ်းပဲ လျောက်ပြီး ရေကစားရမယ်။ ဒီလို လမ်းလျောက်သင်္ကြန်ကို ဒီနှစ် ကျင်းပဖို့ စီစဉ်ထားတယ်”လို့ ဦးအောင်ဇော်မိုးက ပြောပါတယ်။ လမ်းလျှောက်သင်္ကြန်ရေသဘင်ပွဲတော်ကိုတော့ ဗိုလ်ချုပ်လမ်း လမ်းဆုံမီးပွိုင့်ကနေ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့ထိ ပြုလုပ်သွားဖို့လျာထားပြီး နှစ်စဉ်ပြုလုပ်မြဲ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ကလေး)ရေသဘင်မဏ္ဍပ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီရေ သဘင်မဏ္ဍပ်၊ မြို့ပေါ် ၁၉ ရပ်ကွက်၏ရေသဘင်မဏ္ဍပ်နဲ့ ထိုမာစံပြကျေးရွာ ရေသဘင်မဏ္ဍပ်တွေကိုလည်း ပုံမှန် ထားရှိသွားမယ်လို့ သိရပါတယ်။ ကလေးမြို့မှာ ရေကစားမယ့် ကိုကြည်က "လမ်းလျောက်ရေသဘင်လုပ်မယ်ကြားတယ်။ ဒါပေမယ့် လမ်းလျောက်ရေသဘင်ဆိုတာ ဘယ်လိုလဲ မသိဘူး။ မန္တလေးမှာ ကျင်းပခဲ့တာဆိုလို့ သူငယ်ချင်းလှမ်းမေးကြည့်တာ ဆိုင်ကယ်တွေကားတွေ မဖြတ်ရဘဲ လူတွေပဲ လမ်းလျောက် ရေပက်ကြတာဆိုတော့ သဘောကျတယ်။ ရေဖလားလေးနဲ့ အနီးကပ်ရေလောင်းရင်း ရင်ခုန်ရတာပေါ့" လို့ ပြောပါတယ်။ ဗဟိုမဏ္ဍပ်ကို ယမန်နှစ်ကလို ကလေးမြို့ စည်ပင်ဌာနရှေ့မှာ မလုပ်တော့ပဲ ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ပြုလုပ်ရန်လျာထားပြီး အဲ့ဒီရေသဘင်မဏ္ဍပ်မှာ ယိမ်းအကအဖွဲ့ ၁၀ ဖွဲ့ကျော်ကို ယိမ်းအကပြိုင်ပွဲ ပြုလုပ်ပေးမှာဖြစ်ပြီး ဗမာတိုင်းရင်းသားရိုး ရာအစီအစဉ်၊ ချင်းတိုင်းရင်းသား ရိုးရာအစီအစဉ်တွေနဲ့အတူ အလှည့်ကျဖျော်ဖြေရေးနဲ့ နာမည်ကြီးတေးသံရှင် အဆိုတော်များကို လည်းဖိတ်ခေါ် ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်တယ်လို့ သင်္ကြန်ပွဲကျင်းပရေးကော်မတီဝင်တဦး ထံက သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024