Home
မြန်မာသတင်း
ရုပ်ရှင်လောကကို ပစ်ပယ်ထားခြင်းမဟုတ်ဘဲ တတ်နိုင်သမျှ ကူညီသွားမည်ဟု အတိုင်ပင်ခံပြော
DVB
·
March 24, 2018
ရုပ်ရှင်လောကကို ပစ်ပယ်ထားတာမဟုတ်ဘဲ ရုပ်ရှင်အဆင့်အတန်းတိုးတက်အောင် အစိုးရက တတ်နိုင်သမျှ ကူညီသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့ညက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ၊ MEP (Myanmar Event Park) မှာ ကျင်းပတဲ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။ “ဖွင့်ပွဲကို ကျမ မလာခင်မှာ ဆရာဇင်ဝိုင်းနဲ့ တခြားရုပ်ရှင်လောကမှ ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးတဲ့အခါမှာ ကျမတို့ ဘယ်လောက် မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ပညာ တိုးတက်အောင်လို့၊ ရုပ်ရှင် အဆင့်အတန်း တိုးတက်အောင်လို့ အစိုးရအနေနဲ့၊ နိုင်ငံတော်အနေနဲ့ ကူဖို့လိုသေးတယ်ဆိုတာ ကျမ သဘောပေါက် ပါတယ်။ အဲဒါလည်း ကျမ တတ်နိုင်သမျှ လုပ်ပါမယ်ဆိုတာ ကျမ ရဲရဲဝံ့ဝံ့ ပြောပါတယ်။ ကျမတို့ဟာ နည်းပညာအရ၊ အရည်အချင်းအရ လိုအပ်တဲ့ ပစ္စည်းပစ္စယ အရာအားလုံး တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးပါ့မယ်” လို့ ပြောပါတယ်။ မချမ်းသာတဲ့ နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှုဟာ အတိုင်းအတာတခုအထိပဲ ဖြစ်နိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနေနဲ့ အကျိုးအမြတ်အတွက်မဟုတ်ဘဲ စေတနာအရ၊ ဝါသနာအရ ပံ့ပိုးပေးကြဖို့လည်း သူက ဆက်ပြောပါတယ်။ ပြီးတော့ မြန်မာ့ရုပ်ရှင်အနေနဲ့ ကမ္ဘာကို လွှမ်းအောင်လုပ်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ “ကျမတို့ရဲ့ အနုပညာရှင်တွေရဲ့ အရည်အချင်းဟာ မနည်းပါဘူး။ ကိုယ့်မှာ တတ်နိုင်တဲ့ နည်းလေးတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်ဆိုတာ ကျမနားလည်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ အောင်မြင်နိုင်မှာပါ။ ကျမတို့ရဲ့ ရုပ်ရှင်လောကက အနုပညာရှင်များ အားလုံးကို ယုံကြည်မှု အပြည့်အဝ ရှိစေချင်ပါတယ်။ ကျမတို့ ရုပ်ရှင်လောကဟာ ကမ္ဘာကိုလွှမ်းအောင် မလုပ်နိုင်စရာ ဘာမှမရှိပါဘူး။ တခြားအရှေ့တိုင်းက တချို့နိုင်ငံတွေက ဒီသူတို့ကတော့ ပြောရမယ်ဆိုရင် Entertainment Industry ပေါ့။ ဖျော်ဖြေရေး လုပ်ငန်းတွေဟာ ဘယ်လောက်အောင်မြင်သလဲဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျမတို့လည်း ဒီလိုပဲ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဖျော်ဖြေရေး လုပ်ငန်းတွေကတဆင့် ကျမတို့ရဲ့ ယဉ်ကျေးမှု၊ ကျမတို့ရဲ့ မျှော်လင့်ချက်တွေကို ကမ္ဘာသိအောင်လို့၊ ကမ္ဘာကနေ နားလည် လေးစားအောင်လို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေကို ပြည်သူတွေက စံနမူနာအနေနဲ့ ကြည့်ကြတာဖြစ်လို့ သရုပ်ဆောင်တွေအနေနဲ့လည်း စံနမူနာထား လောက်အောင် ဖြစ်စေချင်တယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ ခေတ်နဲ့အညီ အဆင့်ရှိရှိနဲ့ ပြောင်းဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024