Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းကျူးလွန်သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
နော်နိုရင်း
·
March 23, 2018
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် တရားရုံးက ဒီနေ့မနက်မှာ သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ အသက် ၂၅ နှစ်အရွယ် တရားခံ ဖြိုးထက်အောင်ကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ တရားခွင်ကို တက်ရောက်နားထောင်ခဲ့တဲ့ ပြင်ဦးလွင် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားသူ ဒေါ်ခင်ဖုန်းမြင့်က “သူ့ကိုစွဲချက်တင်ကတည်းက လုပ်ခဲ့တဲ့အမှုကို ဒီနေ့ တရားသူကြီးက အစအဆုံး ပြန်ဖတ်ပေးတယ်ပေါ့နော်။ ဖတ်ပြီးတော့မှ နောက်ဆုံးပိတ်ကျမှ အမိန့်ချလိုက်တာလေ။ မနေ့ကတည်းက သူကလည်း ဝန်ခံတယ်လေ။ မနေ့ကကျတော့ မန္တလေးပြည်သူ့ဆေးရုံက လက်ထောက်ဆရာမကြီးလာတယ်။ မတ္တရာဘက်က စခန်းမှူး ၂ ယောက်လာတယ်။ ပြီးတော့ မတ္တာမြို့နယ်က တရားသူကြီးလာတယ်လေ။  အဲမှာဆေးစာမှာက အတိအကျပါလာတော့ ငြင်းလို့မရတော့တာပေါ့နော်” လို့ ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် မြွေကူးတို့ဆိပ်နေထိုင်တဲ့ အသက် ၂ နှစ် ၅ လ အရွယ် ကလေးငယ်ကို ဝန်စုရွာနေ ဖြိုးထက်အောင်က ရွာအနီးမှာ အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့အမှု ဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ပြီး တရက်တည်းအတွင်းမှာပဲ တရားခံကို မတ္တရာမြို့နယ်ရဲစခန်းက လိုက်လံဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမှုပြုခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့မှာတော့ ပြင်ဦးလွင်ခရိုင်တရားရုံးကို ပို့ဆောင်ကာ နေ့တိုင်း စစ်ဆေးမှုတွေပြုလုပ်ပြီး ဒီကနေ့ အမိန့်ချမှတ်လိုက်တာလို့လည်း ဒေါ်ခင်ဖုန်းမြင့်က ပြောပါတယ်။ တရားခံ ဖြိုးထက်အောင်ကို မတ္တရာမြို့နယ် ရေနံ့သာရဲစခန်းက (ပ)၂၆/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ-၃၇၆/၃၀၂ နဲ့ အရေးယူ ဆောင်ရွက်ထားပြီး ဒီနေ့ ရုံးချိန်း ၆ ချိန်းမြောက်မှာ မသေမချင်း ကြိုးကွင်းစွပ် ပစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုသက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး အခုလို ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာလည်း သူက “ဒါထိထိရောက်ရောက် ပြစ်ဒဏ်ပေးတဲ့အတွက်ကို ကျမတို့ကတော့ အရမ်းဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဒါနမူနာဖြစ်သွားပြီလေ” သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး အမြင်ဆုံးပြစ်ဒဏ်ချမှတ်ရေးအတွက် ရန်ကုန်၊ မန္တလေးမြို့တွေအပါအ၀င် မြို့ကြီးတချို့မှာ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်ပြီးနောက် အခုလို သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး  မသေမချင်း ကြိုးကွင်းပစ်ဒဏ် ချမှတ်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024