Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်တွင် ထိုင်းရဲနှင့် မြန်မာဈေးသည်များ ပဋိပက္ခဖြစ်
DVB
·
May 29, 2012
ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မှာ မြန်မာနိုင်ငံက ဈေးလာရောင်းတဲ့ ဆိုင်တွေကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ရာမှာ မြန်မာတွေက ပြန်လည် ရိုက်နှက်ခဲ့ပြီး ရိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ ဒေသခံတွေ က ပြောပါတယ်။ ထိုင်းနိုင်ငံ  မယ်ဆိုင်မြို့ လွယ်ပေါဝ်ဈေးမှာ ရောင်းချနေတဲ့ မြန်မာ ဈေးဆိုင်တွေကို ထိုင်းရဲက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်ရောက် ဖမ်းဆီးခဲ့ရာမှာ  မခံနိုင်တဲ့ ဈေးသည် တချို့က ပြန်လည် ရိုက်နှက်ပြီးတော့ တာချီလိတ်ဘက်ကို ထွက်ပြေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီလအတွင်းမှာ မြန်မာတွေရောင်းချတဲ့ ဈေးဆိုင်ကို မကြာခဏ ဆိုသလို ၀င်ရောက် စစ်ဆေး သိမ်းဆည်းခဲ့တဲ့အတွက် နောက်ဆုံး မခံမရပ်နိုင်ဖြစ်ပြီး အခုလို လုပ်ဆောင်တာလို့ ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ မြန်မာကုန်သည် ကိုအောင်က ပြောပါတယ်။ “ပစ္စည်းဝင်သိမ်းတဲ့အချိန်မှာ ဈေးသည်ဘက်က မြန်မာဘက်ကမ်းက လူတွေက မခံနိုင်လို့ ထိုးကြိတ် ရိုက်နှက်ပြီး ထွက်ပြေးလာကြတာ။ အခုလက်ရှိ အချိန်ထိလည်း ကား ၃ စီးနဲ့ လူအင်အား က စောင့်နေတုန်းပဲ။ မြန်မာဘက်ကမ်းက လူတွေ ဈေးဖွင့်ရင် ဖမ်းဖို့အတွက်ကို စောင့်နေကြတယ်။” နှစ်နိုင်ငံ နယ်စပ်က ဈေးသည်တွေဟာ ထိုင်းနိုင်ငံ မယ်ဆိုင်နဲ့ တာချီလိတ်တို့မှာ အပြန်အလှန် ရောင်းချလေ့ ရှိပါတယ်။ မြန်မာဘက်က လူတွေကလည်း မယ်ဆိုင်မှာ ဆိုင်ခန်းတွေငှားရမ်းကာ ထိုင်းရဲတွေကို ငွေပေးပြီး နားလည်မှုနဲ့ ရောင်းချနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မူပိုင်ခွင့်အတွက် ရှောင်တခင် ၀င်ရောက်စစ်ဆေးတဲ့ တခြားဒေသက ထိုင်းရဲတွေကြောင့် အခုလို ဖြစ်ပွားခဲ့တာပါ။ အရင်က ရဲတွေက ဖမ်းဆီး တရားရုံးတင် စစ်ဆေးခဲ့ပေမယ့်လည်း အခုအခါမှာတော့ ငွေရရှိရေးအတွက် ဦးတည် ဖမ်းဆီးလာခဲ့ပြီး ဖမ်းဆီးခဲ့တယ် ဆိုရင်လည်း ၁ ဦးကို ဘတ် ၃ သောင်းလောက် နဲ့ ပြန်ရွေးရတယ် လို့ ဈေးသည်တွေက ပြောပါတယ်။ မြန်မာဘက်က ချစ်ကြည်ရေးအဖွဲ့ကို ဈေးသည်တွေက ဒီကိစ္စကို တင်ပြပေမယ့်လည်း တစုံတရာ အရေးယူ ကူညီဆောင်ရွက်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024