အိန္ဒိယ YDM-4 ဒီဇယ်လျှပ်စစ်စက်ခေါင်းများ မြန်မာကို လွှဲပြောင်းပေးအပ်
DVB
·
March 23, 2018
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားကို အိန္ဒိယနိုင်ငံ RITES Ltd က ထုတ်လုပ်တဲ့ YDM-4 ဒီဇယ်လျှပ်စစ် စက်ခေါင်း ၁၈ ခေါင်း လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
နေပြည်တော်ဘူတာကြီးမှာ မတ် ၁၉ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး အဲဒီ ရထားစက်ခေါင်း ၁၈ ခေါင်းကို အိန္ဒိယနိုင်ငံ EXIM Bank ချေးငွေနဲ့ ဝယ်ယူခဲ့တာပါ။
အဲဒီချးငွေနဲ့ မြန်မာ့မီးရထားအတွက် လိုအပ်တဲ့ ရထားစက်ခေါင်းတွဲတွေ၊ အင်ဂျင်နီယာသုံးယာဉ်တွေ အပါအဝင် စက်ပစ္စည်းနဲ့ အရန်ပစ္စည်းတွေ၊ အချက်ပြဆက်သွယ်ရေးစနစ် စတာတွေကိုလည်း ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။
RITES Ltd ဟာ ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း ၆၂ နိုင်ငံမှာ ရထားလုပ်ငန်း စီမံကိန်းများ ဆောင်ရွက်နေတဲ့ အိန္ဒိယကုမ္ပဏီကြီး ဖြစ်ပြီး မြန်မာ့မီးရထားက ဝယ်ယူခဲ့တဲ့ အိန္ဒိယစက်ခေါင်းတွေရဲ့ ကြံ့ခိုင်မှုစွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်ရေးအတွက် အိန္ဒိယပညာရှင်တွေက လိုအပ်တဲ့ လေ့ကျင့်ပေးမှုနဲ့ စောင့်ကြည့်ပေးမှု အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်ပေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။