Home
အနုပညာ
ဒါရိုက်တာကြည်စိုးထွန်းနှင့် တွေ့ဆုံမေးမြန်းချက်
DVB
·
March 22, 2018
ဒီနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က စံချိန်မီခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ ဆုအရေအတွက်အားလုံးကို ချီးမြှင့်သွားမယ်လို့ ဆုံးဖြတ်ထားတာ ရှိပါတယ်။ ဒါကြောင့် ထူးချွန်ဆုပေးမယ့် ရုပ်ရှင်ကားတွေကို ဘယ်လိုမူဝါဒတွေ၊ စည်းမျဉ်းတွေနဲ့ ပေးသွားမလဲ၊ အကယ်ဒမီတန်းဝင်တဲ့ ရုပ်ရှင်ကားတွေ ဘယ်လောက် စိစစ်တွေ့ရှိခဲ့သလဲ ဆိုတာကို သိရအောင် ဒီဗွီဘီ သတင်းဌာနက ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်းနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီနှစ် ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က ရုပ်ရှင်ဇာတ်ကားပေါင်း ဘယ်နှကားလောက်ကို စိစစ်အကဲဖြတ်ထားပြီး ဆုအမျိုးအစား ဘယ်နှခုအထိ ပေးသွားဖို့ ရှိပါသလဲ။ “ဆရာတို့ အကဲဖြတ်ရေးအဖွဲ့ဝင် ၃၁ ယောက် ရှိတယ်။ အကဲဖြတ်အဖွဲ့ဝင် ရွေးရတာလည်း နည်းနည်းခက်တာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီအကဲဖြတ်အဖွဲ့ဝင်ထဲမှာ ဥပမာ ဆရာ ဆိုပါတော့။ အဲဒီနှစ်ထဲမှာ ဆရာ​ ရိုက်ထားတဲ့ကား၊ ဆရာ ဇာတ်ညွှန်းရေးထားတဲ့ကား ပါမယ်ဆိုရင် ဆရာ အကဲဖြတ်လို့မရဘူး။ တခြားသူတွေလည်း အဲဒီလိုပေါ့။ ဥပမာ ဓာတ်ပုံဆရာတွေ ဆိုရင်လည်း သူက ဝင်ပြီး ဓာတ်ပုံရိုက်ထားတယ်ဆိုရင် ပါလို့မရပြန်ဘူး။ ၃၁ ယောက် ပထမ လုပ်ထားတယ်။ နောက် ကြည့်လိုက်တော့ အကယ်ဒမီ ၆ ဆုရှင် ကိုသန်းညွန့်က တနေရာမှာ နာမည်လေး ပါနေရော။ အဲဒီလိုဖြစ်တော့ ဆရာတို့က ကိုသန်းညွန့်ကို ဖယ်လိုက်ရတာမျိုး ရှိတယ်။ ဆရာတို့မှာ အကဲဖြတ်အဖွဲ့ဝင် ရှာရတဲ့ဒုက္ခ နည်းနည်းရှိပါတယ်။ တကယ်ကို ပရိသတ်ကလည်း အထင်မမှားအောင်ပေါ့လေ။ အကဲဖြတ်ဝင် ၃၀ ကနေပြီးတော့ ကားပေါင်း ၅၃ ကားကို ကြည့်ရပါတယ်။ ဆရာတို့မှာ စံချိန်စံညွှန်းတွေ ရှိပါတယ်။ ဘယ်လိုဆုကိုပေးမယ်။ ဘယ်လို မပေးဘူး။ ဆရာဆိုရင် ဇာတ်ညွှန်းထဲမှာ ပါတယ်။ ဒါရိုက်တာအဖွဲ့မှာ ၇ ယောက် ရှိတယ်။ ဒါရိုက်တာအဖွဲ့က အားကောင်းနေတော့ ဆရာ့ကို ဇာတ်ညွှန်းဆရာတွေ သူတို့ဇာတ်ညွှန်းအဖွဲ့ထဲမှာ ပါပေးပါဆိုပြီး ဇာတ်ညွှန်းဆရာတွေရဲ့ ခေါင်းဆောင်အဖြစ် ထားပါတယ်။ အဲဒီတော့ ဆရာ ဇာတ်ညွှန်းကို အကဲဖြတ်ရတာပေါ့။ ဒါရိုက်တာဆိုရင်လည်း ဒါရိုက်တာတွေက ဒါရိုက်တာပိုင်းကို အကဲဖြတ်ရတာပေါ့။ အကဲဖြတ်တဲ့လူပေါင်း ၃၀ ရှိတယ်။ ကြည့်ရတဲ့ကားက ၅၃ ကားရှိတယ်။ စံချိန်စံညွှန်းတွေက သတ်သတ်ရှိပါတယ်။” ဒီနှစ်မှာ အကယ်ဒမီ တသက်တာဆုကို ဘာကြောင့် ပေးဖြစ်တာလဲ။ ဘယ်လို စံနှုန်းတွေနဲ့ ရွေးချယ်သွားကြမှာလဲ။ “အဲဒါက ဆရာတို့အားလုံး ပေးနိုင်တဲ့ဆု ဘယ်လောက်ရှိလဲဆိုတော့ ၁၂ ဆု ရှိတာပေါ့။ အထူးဆုလည်း ပါတားကိုး။ ကျန်တာကတော့ ပုံမှန်ပေးနေတာကကတော့ ၁၁ ဆုပေါ့။ ဒီနှစ်ကြည့်တဲ့အခါမှာ ထူးထူးခြားခြား တခုရှိတယ်၊ ပါတယ်ဆိုရင်တော့ အထူးဆုအနေနဲ့ ဆရာတို့ ပေးတာပေါ့။ ဟိုတုန်းကဆို ဘယ်လိုပေးလဲဆိုတော့ ‘ဖိုးပြုံးချို’ကားမှာ ဝင်းမာကို အထူးဆုဆိုပြီး ကလေးသရုပ်ဆောင်အဖြစ်နဲ့ ပေးတယ်။  သရုပ်ဆောင်ဆုတော့ သရုပ်ဆောင်ဆုပဲ။ ဒါပေမယ့် ကလေးအနေနဲ့ ထူးချွန်တဲ့အတွက် သူ့ကို အထူးဆုဆိုပြီး ပေးတာပေါ့။ နောက်ထပ် အင်္ဂလိန်စိန် တို့ ဘာတို့ဆိုလည်း အထူးဆုအနေနဲ့ပဲ ပေးတယ်။ ကလေးသရုပ်ဆောင်ဆုအနေနဲ့ ပေးတာမဟုတ်ဘူး။ အထူးဆုအနေနဲ့ ပေးတယ်။ သရုပ်ဆောင်ဆု မဟုတ်ဘူး။ ဆရာတွေ ဘာတွေ ပေးနိုင်လဲဆိုတော့ ဥပမာ မိတ်ကပ်ဆုတွေ မရှိဘူး။ နောက် အဝတ်အစားဒီဇိုင်းဆုတွေ ဆိုလည်း မရှိသေးဘူး။ အဲဒါမျိုးတွေလည်း ပေးလို့ရတယ်။ သို့သော် ဆရာတို့က ရှိပြီးသားကို ထပ်ပြီး အပြိုင်ပေးလို့ မရဘူး။ ဇာတ်ကားဆု ထပ်ပေးလို့ မရဘူး။ မနှစ်က ပေးလိုက်တာကတော့ မနှစ်က သဘောထားပေါ့လေ။ သို့သော် ပြန်စဉ်းစားကြည့်လိုက်ရင် အထူုးဆုဆိုသည်မှာ ဒီဟာထဲက အပြိုင်ပေးလို့မရဘူး။ ဒါမျိုးတော့ မသင့်တော်ဘူးပေါ့။ ဆိုပါတော့ သီချင်းသိပ်ကောင်းနေတယ်ဆိုရင် တေးသီချင်းဆုဆိုပြီးတော့ ပေးချင် ပေးလို့ရမယ်ပေါ့။ စသည်အားဖြင့်ပေါ့။ အထူးဆုဆိုတာ အဲဒါမျိုးပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ ကလေးသရုပ်ဆောင်လေးတွေဆိုလည်း ပေးလို့ရတယ်ပေါ့။ ဒါက အားလုံး ၁၂ ဆုရှိတယ်။ အဲဒီ ၁၂ ဆုထဲမှာ စံချိန်မီရင် ဆရာတို့က အားလုံး ပေးဖြစ်မယ်။ စံချိန်မီတယ်၊ မမီဘူးဆိုတာ ဆရာတို့မှာ စံချိန်စံညွှန်းတွေ ရှိတယ်။ ဒီနှစ် ဇာတ်ညွှန်း ဆိုပါတော့။ ဇာတ်ညွှန်းက တော်တော်သိသိသာသာ ကန့်သတ်ထားတာ တခု ရှိတယ်။ ဘာလဲဆိုတော့ ဇာတ်ညွှန်းစာအုပ် မတင်ရင် မစဉ်းစားတော့ဘူး။  ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ကားတကား ရိုက်ရင် ဇာတ်ညွှန်းဆိုတာ ရှိကို ရှိရမှာ။ အခုဆိုရင်လည်း နာမည်ကြီးနေတဲ့ကားတွေမှာ ဇာတ်ညွှန်းကို သိပ်ပြီးတော့ အသားပေးပြီး ပြောတာ။ ဇာတ်ညွှန်းက အင်မတန်အရေးကြီးတယ်ဆိုပြီးတော့ပေါ့။ တကယ်လည်း ဇာတ်ညွှန်းက အရေးကြီးပါတယ်။ ဇာတ်ညွှန်းကို ဘယ်လောက်လုပ်ရတယ် ဆိုတာလည်း ပြောကြတယ်။ ဒါ အမှန်တွေပါပဲ။ ဆိုလိုတာက ဇာတ်ညွှန်းက ရှိကိုရှိရမယ်။ ရှိရင် သူ့ဘာသာ စုတ်ပြတ်နေပါစေ၊ တင်ပေးပါ။ ဆရာတို့ ကြည့်ပေးမယ်။ အခုလည်း စုတ်ပြတ်နေတာတွေ ပါတယ်။ ဆရာတို့ ဖတ်တာပဲ။ ဘယ်လောက်ဖတ်လဲဆိုရင် ဇာတ်ညွှန်းအဖွဲ့က မူရင်းဝတ္ထုပါ လိုက်ဖတ်တယ်။ ဒါမျိုးတွေအထိ လိုက်လုပ်ကြပါတယ်။ နောက်တခုက မှီငြမ်းကားတွေ ရှိတယ်။ အဲဒီမှီငြမ်းကားတွေကိုလည်း ဆရာတို့က အဲဒီမူရင်းကားကိုပါ ရှာကြည့်ကြတယ်။ အဲဒီလောက်အထိ ဒီနှစ်မှာ အကဲဖြတ်အဖွဲ့က တော်တော်လေး ကြိုးကြိုးစားစား လုပ်ထားတာ ရှိပါတယ်။ တတ်နိုင်သမျှလည်း အဂတိတရား လေးပါးကနေ လွတ်အောင်လည်း ကြိုးစားပြီးတော့ ဆောင်ရွက်ထားတာ ရှိပါတယ်။ တသက်တာ ရုပ်ရှင်ဆုကို ပေးချင်နေတာ ကြာလှပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ထင်တယ်။ ဆရာတို့ ပေးဖို့အတွက် နိုင်ငံတော်ကို တောင်းခံတဲ့အခါ နိုင်ငံတော်က ခင်ဗျားတို့ ရုပ်ရှင်အစည်းအရုံးက ပေးချင်ပေးပါဆိုတော့ အဲဒီတော့မှ ဒုက္ခရောက်သွားတာပေါ့။ ဒါပေမယ့် ဒီလိုပွဲကြီးလမ်းကြီးနဲ့ ပေးချင်တာ။ သို့သော်လည်း ဆရာတို့ မဖြစ် ဖြစ်တဲ့နည်းနဲ့ လုပ်မယ်ကွာ ဆိုပြီးတော့ အဲဒီတုန်းက ဆရာကြီးအေဝမ်းမောင်တင်ယုကို ဆရာတို့ သူ့ရဲ့အသက် ၉၀ ပြည့်အချိန်မှာပဲ ရုပ်ရှင်တသက်တာဆု ဆိုပြီးတော့ ကိုယ့်ဘာသာထွင်ပြီး သူ့ရဲ့တပည့်များနဲ့ ဒီဆုလေးကို ဖြစ်စေချင်တဲ့ ဆရာတို့ ပေါင်းပြီးတော့ ပိုက်ဆံလေးတွေ နည်းနည်းစီစုပြီးတော့ ပိုက်ဆံ ၁ သိန်းနဲ့တူတယ်။ ဆရာတို့ သူ့ကို ကန်တော့ပြီးတော့ ရုပ်ရှင်တသက်တာဆု ဆိုပြီးတော့ ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ဓာတ်ပုံလေးတွေ ပေးလိုက်ပါမယ်။ ရုပ်ရှင်တသက်တာဆု ဘယ်လို ဖြစ်လာလဲဆိုတာ သိအောင်လို့ပေါ့။ နောက်ကျတော့ ဒီမိုကရေစီအစိုးရ ၂၀၁၀ ခုနှစ်မှာ ကိုဇင်ဝိုင်းတို့ ဥက္ကဋ္ဌအနေနဲ့ တက်လာတယ်။ အဲဒီအချိန်မှာလည်း ရုပ်ရှင်တသက်တာဆု ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပေးတယ်။ အဲဒီတုန်းကတော့ ဘိုကလေးတင့်အောင်။ နောက် ရုပ်ရှင်သူရဲကောင်းဆု ဘာညာ ဆိုပြီးတော့ ကိုဇင်ဝိုင်း ထွင်ပြီးပေးတာရှိတယ်။ ရုပ်ရှင်တသက်တာဆုက အဲဒီမှာလည်း ပေးဖူးပါတယ်။ ဆရာကတော့ ကျေနပ်တာပေါ့။ ဒါ ပေးသင့်တယ်လေ။ အသက်ကြီးလာပြီ၊ ရုပ်ရှင်ကိုလည်း တသက်လုံး ဖက်တွယ် အလုပ်လုပ်လာတဲ့သူက ပေးသင့်တယ်လို့ ပေးခဲ့တာ။ အခု ဒီနှစ်ကျတော့ တခါတည်း စင်မြင့်ပေါ်မှာ တင့်တင့်တယ်တယ်နဲ့ ပေးနိုင်တဲ့အဆင့်ကို ရောက်လာတဲ့အခါကျတော့ သတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒီသတ်မှတ်ချက်တွေက ဆရာတို့ အကဲဖြတ်အဖွဲ့အနေနဲ့ သတ်မှတ်လို့မဖြစ်ပါဘူး။ အကဲဖြတ်အဖွဲ့က ရုပ်ရှင်ပဲ အကဲဖြတ်လို့ရမယ်။ တသက်တာဆု အကဲသွားဖြတ်ရင် ကိုယ်နဲ့ မြင့်နေမှာပေါ့။ ဒါပေမယ့် ဆရာတို့ အဖွဲ့ဝင်အနေနဲ့ အားလုံးပါတယ်။ ဒီရုပ်ရှင်လောကသားတွေ ကိုယ်စားလှယ်ဖြစ်တဲ့ ရုပ်ရှင်အစည်းအရုံး အမှုဆောင်၊ နာယကများနဲ့ ညှိပြီးတော့ စံချိန်သတ်မှတ်ပါတယ်။ အသက်က ဘယ်လောက်ရှိရမယ်၊ ဥပမာ ၈၅ နှစ် ကျော်ရမယ်။ ရုပ်ရှင်နဲ့ အဆက်မပြတ်ရဘူး။ ရုပ်ရှင်အတွက် အကျိုးပြုတာတွေ လုပ်ရမယ်။ စသည်အားဖြင့် အချက်အလက်တွေ ရှိပါတယ်။ အဲဒီအချက်အလက် အတိအကျကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများဆီမှာ မေးကြည့်ပါ။” အခုလိုမျိုး ရုပ်ရှင်တသက်တာဆုကို အနုပညာလောကထဲမှာ ဘယ်နှဦးလောက် ဘယ်အချိန်လောက်က ရခဲ့တာရှိလဲ။ “ဘဘ အေဝမ်းမောင်တင်ယုရဲ့ အသက် ၉၀ ပြည့်မွေးနေ့တုန်းက သူ့ရဲ့ဝါသနာ၊ သူ့ရဲ့ မိတ်ဆွေများ၊ သူ့ကိုလေးစားသောပုဂ္ဂိုလ်များ စုဆောင်းပြီးတော့ ပေးတာ တခါ။ ကိုဇင်ဝိုင်း ဥက္ကဋ္ဌ ဖြစ်တဲ့အချိန်မှာ တခါ ဘဘဘိုကလေးတင့်အောင်ကို ပေးတာ တခါ။ အဲဒီနှစ်ခါပဲ ရှိပါသေးတယ်။ ဒီနှစ်မှာတော့ စံချိန်စံညွှန်းနဲ့ဝင်တဲ့သူတွေ ပေးဖြစ်ပါလိမ့်မယ်။” ရုပ်ရှင်ထူးချွန်ဆုပေးဖို့ အကဲဖြတ်အဖွဲ့ဝင်တွေမှာ ဒုက္ခတွေရှိတယ်။ ဂျင်းထည့်ခံလိုက်ရတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ကြားရတယ်။ အဲဒါတွေက ဘာတွေများလဲ။ “အကဲဖြတ်အဖွဲ့ဝင်တွေရဲ့ ဒုက္ခကို ပြောပြချင်တယ်။ အကဲဖြတ်ရမယ့် ရုပ်ရှင်တွေ ပြပြီဆိုရင် ဆရာတို့ မကြည့်လို့ မဖြစ်ဘူး။ အစအဆုံး ကြည့်ပေးရတယ်။ ကောင်းကောင်း၊ မကောင်းကောင်း ကြည့်ပေးရတာပေါ့နော်။ ကြည့်တဲ့အခါမှာလည်း တော်တော်သည်းခံရတယ်။ သူတို့ရဲ့ ရိုက်ပုံရိုက်နည်းတွေရော သရုပ်ဆောင်တာတွေရော အားလုံး အစစအရာရာ တော်တော်များများက သိပ်ပေါ့လျှော့လွန်းအားကြီးတယ်။ ဘာဖြစ်နေလဲဆိုတော့ ပရိသတ်ကို စော်ကားနေသလို ခံစားရတယ်။ ကိုယ့်ကျတော့ ရုပ်ရှင်သဘောလည်း နားလည်နေပြီ။ အသက်ကလည်း ကြီးလာပြီဆိုတော့ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်က မကျေနပ်ဘူးပေါ့။ ဒီကောင်တွေကွာ တော်တော်ရက်စက်တဲ့ကောင်တွေပဲ။ ဘာတွေလျှောက်ပြနေမှန်း မသိဘူး။ ဒါတွေ မလုပ်သင့်ဘူးဆိုတဲ့ ခံစားချက်မျိုး ခံစားရလို့ အဲဒီနေ့က ပြောလိုက်တာ။ ရှင်းရှင်းပြောရရင် ပိုက်ဆံနောက် လိုက်လွန်းရင် သိပ်မကောင်းဘူးပေါ့လေ။ အဲဒါကြောင့် ရုပ်ရှင်က ကျသွားတဲ့အပိုင်းတွေ ရှိပါတယ်။ နည်းပညာတွေကတော့ အများကြီး တိုးတက်လာပါတယ်။” ဆရာကိုယ်တိုင် ဒီနှစ်မှာ အကယ်ဒမီပေးဖို့အတွက် စိစစ်အကဲဖြတ်ရေးအဖွဲ့က ဇာတ်ကားပေါင်း ၅၃ ကား ကြည့်ရတယ်ဆိုတော့ အဲဒီကားတွေထဲမှာ တကယ် အကယ်ဒမီတန်းဝင်တဲ့၊ အကယ်ဒမီပေးနိုင်လောက်တဲ့ စံချိန်မီဇာတ်ကား ဘယ်နှရာခိုင်နှုန်းလောက် တွေ့ခဲ့ရလဲ။ “အဲဒါကတော့ အများအမြင်နဲ့ ဆုံးဖြတ်တာပေါ့။ ဆရာတယောက်တည်းလည်း မဟုတ်ဘူး။ ဇာတ်ကားတကား ကြည့်ပြီးရင် ဒီကားသည် အကယ်ဒမီတန်းဝင်လောက်သည်၊ မဝင်လောက်ဘူး၊ ဒါမှမဟုတ် ထပ်ကြည့်သင့်တယ်၊ မကြည့်သင့်ဘူးဆိုတာ အမှတ်ပေးရတယ်။ ကြည့်မယ်ဆိုရင် ၁ မှတ် ပေးတယ်၊ မကြည့်ဘူးဆိုရင် ၀ ပေးလိုက်တယ်။ တော်တော်များများက အဲဒီမှာ ညီတာက အကဲဖြတ်အဖွဲ့ဝင်တွေအားလုံးက ပယ်လိုက်ပြီဆိုရင် ၀ အများကြီးနဲ့ ကျသွားတဲ့ကားတွေ အများကြီး ရှိတယ်။ အဲဒီကားတွေက ဒုက္ခပေးတဲ့ကားတွေပဲ။ နှိပ်စက်နေတဲ့ကားတွေပေါ့။ ဂျင်းထည့်နေတဲ့ကားတွေ များတယ်။ အဲဒီကားတွေ တော်တော်များများ အပယ်ခံရတယ်။ ဆယ်ကားကျော်ကျော်လောက် ပြန်ကြည့်မယ်ဆိုတော့ ငါးဆယ်ကျော်ထဲက ဆယ်ကားကျော်လောက်က ကောင်းတယ်ဆိုတာလေး ပေါ်လာတာပေါ့။ အဲဒီထဲမှာမှ တခါ ပြန်ပြန်ကြည့်တာ ရှိတယ်။ နှစ်ခေါက်၊ သုံးခေါက်၊ လေးခေါက်၊ ငါးခေါက် ပြန်ကြည့်တာ ရှိတယ်။ တခါတလေ ဘယ်လောက်များ ပြန်ကြည့်လဲဆိုရင် နှစ်ယောက်တည်းနဲ့ ကြည့်တာ ရှိတယ်။ ဆရာနဲ့ အသံဆရာတယောက်နဲ့ ကြည့်ခဲ့ဖူးတယ်ပေါ့။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း တော်တော်လေးပံ့ပိုးပေးရပါတယ်။ ဆရာတို့အနေနဲ့လည်း တော်တော်လေး အသက်အရွယ်အရဆိုရင် ၅၃ ကားမှာ နောက်ထပ် ဆယ်ကားလောက်ကို အကြိမ်ကြိမ်ကြည့်ရတာ စဉ်းစားကြည့်ပေါ့။ ဆရာတို့မှာလည်း တော်တော်လေး မျက်စိရော၊ လူရော အားတော်တော်စိုက်ခဲ့ရပါတယ်။ ဒီလူသုံးဆယ်စလုံးပေါ့။” အတတ်ပညာအရ၊ နည်းပညာအရ အရင်နှစ်တွေကထက်စာရင် အနုပညာရှင်တွေ တိုးတက်တာ မတိုးတက်တာထက် ရုပ်ရှင်ဇာတ်ကားတွေ ဖန်တီးပြီး ပြည်သူတွေပြတဲ့နေရာမှာ ဘယ်လောက်အထိ တိုးတက်လာလား၊ အားနည်းသွားတာမျိုး ရှိလား။ အားသာတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်တုန်းက ရုပ်ရှင်ကားတကားကို ဂျပန်မှာ သွားပြဖူးတယ်။ သူတို့ ရွေးသွားတာပေါ့။ အဲဒီမှာ ဆရာ ခံစားချက်တခု ရှိသွားတယ်။ ငါတို့ ညံ့တယ်ဆိုတာ ခံစားရတယ်။ အသံလည်း ညံ့တယ်။ အရုပ်လည်း ညံ့တယ်။ အသံကောင်းအောင် အရုပ်ကောင်းအောင် ဆရာ အိပ်မက်အများကြီး မက်ခဲ့ဖူးတယ်။ အသံတွေ ကောင်းချင်တယ်။ မြန်မာဇာတ်ကားမှာ ဇာတ်လမ်းကတော့ ပြည့်စုံပြီးသား။ ရိုက်တတ်တဲ့ပညာတွေလည်း ပြည့်စုံပြီးသား။ အမူအရာလုပ်တတ်တဲ့သူလည်း ပြည့်စုံပြီးသား။ ဒါပေမယ့် အသံ၊ အရုပ်တွေ မကောင်းဘူးဆိုတာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကတည်းက ဆရာ ကြိုးစားခဲ့ပါတယ်။ အခွင့်အရေး ရရင် ရသလောက် အရုပ်၊ အသံကောင်းအောင် ဆရာ လုပ်ပါတယ်။ သူ့ကျွန်မခံပြီ ဆိုရင် အရုပ်၊ အသံ ကောင်းအောင် ဆရာ လုပ်တယ်။ နောက် ချစ်ခြင်းငယ်ပြိုင်၊ ဆဋ္ဌဂံ တို့ ဒီကားတွေမှာဆိုရင် အရုပ်၊ အသံကောင်းအောင် ဖလင်ခေတ်မှာ ဆရာ တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်။ ဆရာတို့ ဖြတ်သန်းခဲ့ရတဲ့ဘဝမှာ ကြည့်လိုက်ရင် ကျီးသံ၊ ငှက်သံတွေ၊ ကားဟွန်းသံတွေ၊ ဘေးက စကားပြောသံတွေ၊ တခါတလေ သန်လျင်ဘက်မှာ ရိုက်မယ်ဆိုရင် လော်စပီကာသံတွေ။ ဒီမှာက လွမ်းဆွေးနေပြီ။ တရားဟောတဲ့အသံတွေ ပါလာတာမျိုးတွေ။ တော်တော်ကို စိတ်ညစ်ရပါတယ်။ ဒီဟာတွေ ဒီနှစ် မရှိဘူး။ တော်တော်များများ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက်ကို ဆရာ ကြိုက်တယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က အိပ်မက်က ဒီနေ့ အကောင်အထည်ပေါ်လာပြီလို့ ဆရာ ခံစားရပါတယ်။ တချို့ကားတွေကတော့ နည်းနည်းလေး ရှိနေသေးတယ်။ ဆရာ သတိထားမိတာ နှစ်ကားလောက်ပေါ့။ ဓာတ်ပုံကောင်းတယ်၊ သရုပ်ဆောင်တွေလည်း ကောင်းတယ်။ ဒါပေမယ့် အသံနည်းနည်းဖျက်တဲ့ကား တကား၊ နှစ်ကား တွေ့လိုက်ရတယ်။ နှမြောဖို့ကောင်းတယ်လေ။ တခြားဟာတွေ ကောင်းရဲ့သားနဲ့ ဘာလို့ အသံကို ဂရုမစိုက်လိုက်တာလဲပေါ့နော်။ အဲဒါမျိုးလေးတွေ သွားတွေ့လိုက်တာ။ ခြုံငုံဖြေရရင် ဒီနှစ် ဆရာ အကျေနပ်ဆုံးကတော့ အရုပ်တွေနဲ့ အသံတွေနဲ့ ဆရာ အလွန်ကျေနပ်ပါတယ်။ ဆရာရဲ့ဘဝမှာ အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတွေနဲ့ပတ်သက်လို့ ပြည်သူတွေ သိအောင် ဘယ်ဇာတ်ကားတွေကနေ ဘယ်လို၊ ဘာကြောင့် အကယ်ဒမီရခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။ ပထမဆုံးရတဲ့ကားက အင်မတန် ထူးခြားပါတယ်။ အကယ်ဒမီရစေရယ်လို့ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီကားမှာ ဇာတ်လမ်းကို စိတ်ဝင်စားတယ်။ ဇာတ်လမ်းရေးတဲ့သူကတော့ မောင်ညွန့်လွင်ရဲ့ တဒင်္ဂလေးများ ဆိုတဲ့ ဝတ္ထုပါးပါးလေး။ ၁၉၈၉ ခုနှစ်လောက်က သူက ၁၉၈၇ ခုနှစ်လောက်ကတည်းက ရေးတာထင်တယ်။ မောင်ညွန့်လွင် ဆိုတာ တခြားလူ မဟုတ်ဘူး။ အခု SNLD ရှမ်းအန်အယ်လ်ဒီမှာရှိတဲ့ အတွင်းရေးမှူးပေါ့။ သူက ဘာရေးလဲဆိုတော့ မူးယစ်ဆေးဝါး အကြောင်း ရေးတာ။ မူးယစ်ဆေးဝါးကြောင့် လူငယ်တွေ ပျက်စီးနေတဲ့အချိန်လည်း ဖြစ်တယ်။ မင်းသားကလည်း နာမည်ကြီးနေတဲ့ စိုးသူနဲ့ ကျော်သူနဲ့။ သူတို့နှစ်ယောက်ကို မေးကြည့်တယ်။ ဒီကားဟာ အင်မတန်ရည်ရွယ်ချက်လည်း ကောင်းတယ်။ ရိုက်မလားပေါ့။ ကျော်သူက အိုကေ၊ စိုးသူကလည်း အိုကေပေါ့။ အဲဒီကားကို ဆရာတို့ ရိုက်ခဲ့ကြတယ်။ မင်းသားတွေရဲ့ ကျေးဇူးလည်း ပါတယ်။ ဒီကောင်တွေ မနက် ၆ နာရီ၊ ၇ နာရီလောက် ထရတာ။ ထပြီးတော့ ဘောလုံးကန်ခိုင်းတာ။ တက္ကသိုလ် ဘောလုံးကွင်းမှာ ဘောလုံးကန်တဲ့ ဆင်းန် ပါတယ်။ သူတို့နဲ့အတူတူ မူးယစ်ဆေးဝါးဆေးရုံ သွားပြီးတော့ မူးယစ်ဆေးဝါး သုံးတဲ့သူတွေရဲ့ ယင်းထပုံ ယင်းထနည်း ဒါတွေလည်း ဆရာတို့ လေ့လာခဲ့ကြရတာပေါ့နော်။ အဲဒီလို သေချာ အသေးစိတ် လေ့လာပြီးတော့ ရိုက်ခဲ့ကြတယ်။ နောက်ဆုံး မောင်စိုးသူ အပ်နဲ့ထိုးပြီး သေတဲ့အခန်းမှာဆို အဲဒီက ဆရာဝန်နှစ်ယောက်က လိုက်လာပေးတယ်။ ဒီကောင်ရဲ့ ယင်းထပုံ ယင်းထနည်း ဟုတ်၊ မဟုတ်။ အဲဒီလောက်အထိ ဆရာတို့ လုပ်ခဲ့ကြတယ်။ ဂုဏ်ယူပြီးပြောနေတာ မဟုတ်ပါဘူး။ ဆရာတို့ ဒီထဲမှာ စိတ်ဝင်စားခဲ့ကြတယ်ဆိုတာ ပြောတာပါ။ အဲဒီမှာ ဆရာက ဘာလေး သုံးလိုက်လဲဆိုတော့ မူးယစ်ဆေးဝါး ဆိုတာ အမှောင်ပဲ။ အမှောင်ကလွတ်တော့ အလင်းပဲ။ အဲဒီတော့ ဆရာ့ကားထဲမှာ ဒိုး ဆိုတဲ့ကားထဲမှာ ပြန်ကြည့်ရင် အဲဒါလေးကို သတိထားစေချင်တာ။ အလင်း အမှောင်ကို ဆရာ တော်တော်လေးဂရုစိုက်တယ်။ ဒီကောင်လေးတွေရဲ့ဘဝ အမှောင်ထဲမှာ ဖြစ်နေရင် မှောင်နေတဲ့အတိုင်းပေါ့။ နောက် တဖြည်းဖြည်း သတိတရားရတော့မယ်ဆိုရင် half shape လေးနဲ့ လုပ်ထားတာ။ သူတို့ကို ပြတဲ့အခါမှာ အပေါ်စီးက ပြတာ။ စသည်အားဖြင့်ပေါ့။ ကင်မရာနဲ့ပတ်သက်ပြီးတော့လည်း ဂရုစိုက်တယ်။ Lighting နဲ့ပတ်သက်ပြီးလည်း ဂရုစိုက်တယ်။ ဟိုတုန်းက ဆရာ့ ဆရာကြီးများသုံးတဲ့ ကင်မရာ ထရေ့စ်တွေလည်း ဆရာ အဲဒီထဲမှာ ထည့်တယ်။ အမှန်ကတော့ စေတနာကြောင့် အဲဒီကားမှာ ရခဲ့တာပါပဲ။ ဆရာ အဲဒီကားမှာ ဘာနဲ့ပတ်သက်ပြီး အကယ်ဒမီရခဲ့တာလဲ။ ဒိုး မှာ ဇာတ်ကားလည်း ရတယ်။ ဒါရိုက်တာလည်း ရတယ်။ ဟိုဘက် ဘာကားရလဲဆိုတော့ ပန်းမြိုင်လယ်ကဥယျာဉ်မှူးမှာ ကိုကျော်ဟိန်း ရတယ်။ ခပ်စိမ်းစိမ်းနေပါ့မယ်က မို့မို့မြင့်အောင် ရတယ်။ အဲဒီနှစ်က အဲဒီလေးယောက်ပဲ ရတယ်။ နည်းတာပေါ့နော်။ ဒါပေမယ့် အင်မတန်ဝမ်းသာရတဲ့ နှစ်ပါပဲ။ ဒီထဲမှာနှစ်ပြီး ကြိုးစားပြီးတော့ ရခဲ့တဲ့ဆုဆိုတော့ အဲဒါ ဝမ်းအသာဆုံးပါပဲ။ နောက်ပိုင်းရတာတွေကျတော့ ဒီလောက် မဖြစ်တော့ဘူးလေ။ အရင်တုန်းက အကယ်ဒမီပေးတဲ့ နေရာတွေမှာ နိုင်ငံရေးအခြေအနေအရပေါ့လေ။ အကယ်ဒမီရတဲ့သူတွေက ရုပ်ရှင်အကဲဖြတ်တွေနဲ့ နီးစပ်တဲ့သူတွေ၊ သို့မဟုတ် နိုင်ငံရေးလောကမှာ အထက်ပိုင်းလူတွေနဲ့ သိတဲ့လူတွေပဲ ရတယ်လို့ ကြားသိထားရတယ်။ အနုပညာမှာ တကယ်စံချိန်စံညွှန်းမီတဲ့သူတွေ မရဘူးပေါ့။ ဒါမျိုးတွေ ဝေဖန်မှုတွေ ရှိပါတယ်။ ဒီနှစ်မှာရော အဲဒီလို ဝေဖန်မှုတွေ မဖြစ်အောင် အကယ်ဒမီပေးတဲ့နေရာမှာ ဆရာတို့ ဘယ်လိုမျိုး မူဝါဒတွေနဲ့ ဘယ်လိုအဓိကထားပြီး ပေးနေတာပါလဲ။ ဆရာတို့က ဒီနှစ် စံချိန်စံညွှန်းတွေ ချထားတယ်။ အဲဒါတွေလည်း ကြေညာထားပြီးပါပြီ။ သရုပ်ဆောင်ဆု ဆိုရင် ဘယ်လို စံချိန်စံညွှန်းနဲ့ ပေးတယ်။ ဒါရိုက်တာဆုလည်း ဘယ်စံချိန်စံညွှန်းနဲ့ ပေးတယ် ဆိုတာ ဆရာတို့ ထုတ်ပြန်ပြီးထားပြီးသားပါ။ တတ်နိုင်သလောက် ဖြန့်တာပေါ့။ ဂျာနယ်တွေက မျက်နှာပြည့်ထည့်တာတွေလည်း တွေ့ပါတယ်။ မင်းသား၊ မင်းသမီး ဆိုတာက ဆရာတို့ရဲ့ သားလို သမီးလို နေနေကြတာ။ အကုန်လုံးကလည်း ခင်နေကြတာ။ ပြောရရင်တော့ ကိုယ့်ရဲ့စိတ်ထဲက သြော် သူ့ သနားပါတယ်၊ သူ မရတာ ကြာပြီ။ လူတယောက်ကို ဖြစ်လေ့ဖြစ်ထတွေ ရှိတယ်ပေါ့။ အဲဒါတွေ မဖြစ်အောင် ဆရာတို့က စံချိန်စံညွှန်းကို လုပ်တယ်။ ချစ်သည်၊ မုန်းသည် မဟုတ်ဘူးပေါ့။ ဆရာ ရစေချင်တဲ့လူလည်း ပါချင်မှ ပါမှာပဲ။ ဆရာ မရစေချင်တဲ့လူလည်း ဒီခွင်နဲ့ ဝင်သွားတဲ့အခါမှာ ပေးတာလည်း ရှိတာပဲ။ အဲဒါမျိုးကတော့ ရယ်စရာတောင် ပြောကြတာပေါ့။ ပေးလိုက်ရပြန်ပြီပေါ့နော်။ မုန်းသည်၊ ချစ်သည် ဆရာတို့မှာ မရှိဘူး။ ဒီနှစ်က တော်တော်ကောင်းကြတယ်။ သရုပ်ဆောင်ထဲမှာဆိုလည်း တော်တော်ကောင်းကြတယ်။ တယောက်နဲ့တယောက် အပြိုင်တွေများတယ်။ အဲဒီအပြိုင်တွေ များတော့ ဆရာတို့ ခဏခဏ ပြန်ကြည့်ရတယ်။ ဘယ်လိုကြည့်ရလဲဆိုတော့ မောင်ဖြူနဲ့ မောင်နီ ဆိုပါတော့။ နှစ်ယောက်လုံးက ကောင်းတယ်။ အကုန်လုံးကလည်း နှစ်ယောက်စလုံးကို ကြိုက်နေပြီ။ အဲဒီမှာ နောက်တကြိမ် ကြည့်တဲ့အခါကျတော့ ဘယ်ကောင် အပြစ်များလဲပေါ့။ နောက် ဇာတ်လမ်းထဲမှာ မသန်စွမ်းတွေကို သရော်တာ ဆရာ လုံးဝမကြိုက်ဘူး။ ဒါ မလုပ်သင့်ဘူးလေ။ ဆရာတို့ ရုပ်ရှင်သမားတွေ ဒါ သတိထားစရာကောင်းတယ်။ မသရော်နဲ့လေ။ လူပဲလေ။ သူ့ဘာသာ ဝဋ်ကြွေးအရ ဖြစ်တာကတော့ ဒါတွေ ဘာမှ လှောင်စရာ ပြောင်စရာ မလိုဘူး။ သူတို့ အပြင်မှာ လှောင်တာ မတတ်နိုင်ဘူးလေ။ ဆရာတို့က လူသိထင်ရှား ပရိသတ် သိအောင် အဲဒီလိုမျိုး စိတ်ဓာတ်အနေနဲ့ သိပ်မကောင်းဘူး။ မလုပ်သင့်ဘူးလို့ ထင်တယ်လေ။ ဆရာကိုယ်တိုင် ရုပ်ရှင် စိစစ်ရေးအဖွဲ့မှာ ပါနေတော့လေ အကယ်ဒမီမရသေးတဲ့သူတွေ အကယ်ဒမီရအောင်၊ ရပြီးသားလူတွေ ထပ်ရအောင်၊ ဒီ့အပြင် အကယ်ဒမီရတာထက် ပြည်သူတွေ ကြည့်တဲ့အခါမှာ ငွေအားဖြင့်၊ အချိန်အားဖြင့် တန်တဲ့ဇာတ်ကားမျိုးတွေ ဖြစ်အောင်၊ ရုပ်ရှင်လောကထဲမှာ ဂယက်ထနေတဲ့ ပုံစံမျိုးတွေ မဖြစ်အောင် ရှေ့အနာဂတ် အနုပညာလောက တိုးတက်ဖို့အတွက် အနုပညာရှင်တွေကို အကယ်ဒမီများရှင် ဒါရိုက်တာကြီး ဦးကြည်စိုးထွန်းက ဘယ်လိုများ အကြံပြု တိုက်တွန်းချင်တာမျိုး ရှိလဲ။ အားလုံးကတော့ ကိုယ့်ရုပ်ရှင်လောကကြီးကို ကောင်းစေချင်ကြမှာပဲ။ ကလေးတွေ ဘောလုံးကန်တဲ့အခါပေါ့။ နိုင်ငံခြားနဲ့ ကိုယ့်မြန်မာ ဘောလုံးကန်တဲ့အခါ ကိုယ့်မြန်မာ သိပ်နိုင်စေချင်တာပဲ။ မြန်မာဘောလုံးသမားလေးတွေ သူတို့ ကြိုးစားတာလည်း သိတယ်။ သူတို့ဘဝအခြေအနေလည်း သိတယ်။ နိုင်စေချင်တာပေါ့။ သူတို့လည်း ကြိုးစားတာပဲ။ ရှုံးပြန်ပြီဆိုရင် သိပ်စိတ်ညစ်တာပဲ။ သူတို့ကလည်း ကြိုးစားတယ်။ ကိုယ်တို့ ရုပ်ရှင်သမားတွေကရော။ တခြားဘောလုံးအသင်းနဲ့တူသော တခြားနိုင်ငံက ရုပ်ရှင်တွေကို နိုင်ရဲ့လာ။ ဒါလေးတွေ တွေးကြည့်တာပေါ့။ Teamwork အားလုံးကောင်းမှ ကောင်းမှာ။ အားလုံးကောင်းဖို့ရာ ကိုယ် ကောင်းဖို့လည်း လိုတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အရင်ဆုံး ကြိုးစားရလိမ့်မယ် ထင်တယ်။ နောက်ပြီးတော့ လေ့လာမှု ပြုကြပါ။ ကိုယ့်မြန်မာ ရုပ်ရှင်ကားတွေနဲ့ တခြားရုပ်ရှင်တွေကို ယှဉ်ပြိုင်နိုင်အောင် ကြိုးစားကြပါ။  ဆရာတို့အနေနဲ့က ဘာဖြစ်လဲဆိုတော့ အခုတော့ ဆရာက စာတွေလည်းရေးတာပေါ့။ စာရေးတဲ့အခါမှာ ရုပ်ရှင်သင်ခန်းစာတွေရေးနေတယ်။ ဘာကြောင့်ရေးလဲ၊ နောက် သင်တန်းတွေလည်းပို့ချနေတာပေါ့။ ဘာလို့လဲဆိုတော့ ဒီနေရာမှာဆရာဝန်တင်ရွှေရဲ့ စကားကိုသဘောကျတယ်။ ဆရာဝန်တင်ရွှေကဘာပြောသွားလဲဆိုရင် ပညာကိုသေရွာ ယူမသွားကြေးတဲ့။ သူက။ ကောင်းလိုက်တာ ဆရာပြောတာ။ ဆရာတို့က ဘယ်သူ ဘယ်လောက်တော်တယ်တတ်တယ်ပြောပြော ဒါကြီးကြီးကျယ်ကျယ်ပြော တာမဟုတ် ဘူးနော်။ အနှစ် ၄၀ လောက် ဆည်းဖူးလာတဲ့ အတွေ့အကြုံကိုတော့ ရမှာမဟုတ်ဘူး။ ဥပမာ။ ဆရာသာဆိုပါတော့ သူက လွန်ခဲ့တဲ့ ၁၀လောက်ကမှ ရုပ်ရှင်ပညာတွေကို လေ့လာ တယ်ဆိုတော့ ဟိုးလွန်ခဲ့တဲ့ အနှစ် ၄၀ ကအကြောင်းတွေ သူဘယ်လိုလို့ သိမလဲ။  အတွေ့အကြုံအရ ဆရာတို့မှာရှိတော့ ဒီအတွေ့အကြုံထဲမှာ မှန်တာတွေ ချည်းပဲ တွေ့တာမဟုတ်ပါဘူး။ မှားတာတွေလည်း တွေ့ပါတယ်။ ဒီလိုမှားတတ်တယ်။ ဒီလိုအမှားတွေရှိတယ်ဆိုတာ ဆရာတို့က ပေးသွားမှရမယ်။ အဲကြောင့် ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားပါ။ နောက်ကိုယ့်ပညာကိုလည်းဖြန့်ဝေကြပါ။ အဲဒါတွေတော့ ဆရာကတော့ ရုပ်ရှင်လောကသားတွေကို တိုက်တွန်းချင်ပါတယ်။ ငွေနောက်ချည်းပဲ မလိုက်ကြပါနဲ့။ ကိုယ့်ရုပ်ရှင်လောက တိုးတက်ဖို့၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ ကမ္ဘာနဲ့ ရင်ဘောင်မတန်းနိုင်အုန်းထားဦးတော့ ဟို့ဖက်က ၀င်လာတဲ့ဟာတွေကို ဟန့်တားနိုင် အောင်ပေါ့။ အခုက ဆရာတို့  CHANNEL တွေမှ တွေ့တယ်မဟုတ်လား။ ထိုင်းကာတွေရော၊ ဘာကားတွေရော၊ ဖိလဖိုင်တွေရော၊ အများကြီးပဲ။ အဲဒီဟာတွေကို ဆရာတို့က ခုနိုင်၊ ခံနိုင်အောင် ကြိုးစားပေးကြပါလို့ ဒါလေးပဲ နောက်ဆုံးပြောချင်ပါ တယ်။ ဒီလိုမျိုး ဒီဗွီဘီသတင်းဌာကို ဖြေကြားပေးတဲ့ ဒါရိုက်တာကြီး ကြည်စိုးထွန်းကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ သားတို့ဆီကနေတဆင့် ပရိတ်သတ်က ဆရာတို့ ရုပ်ရှင်လောက သားတွေရဲ့ ဒီစိတ်ထားကို၊ ထင်မြင်ထက်ကို ဖြန့်ဝေပေးနိုင်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးလည်း အားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျား။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024