အကယ်ဒမီ ပေါ်လစီ
DVB
·
March 21, 2018
အကယ်ဒမီပေါ်လစီရယ်လို့ သတ်သတ်မှတ်မှတ်ရှိပြီး အဲ့ဒီပေါ်လစီနဲ့ အကယ်ဒမီ ပေး မပေး သေသေချာချာ မသိပေမယ့် အကယ်ဒမီပွဲတွေမှာ နိုင်ငံ့အကျိုးပြုဆိုတဲ့ ပေါ်လစီကားတွေ အကယ်ဒမီ ရရနေတာတော့ ကြာခဲ့ပြီဖြစ်တယ်။
ရုပ်ရှင်လောကသားတွေကြားမှာ နိုင်ငံတော်ကားလို့ ခေါ်တဲ့ ပေါ်လစီကားတွေကို ပြီးခဲ့တဲ့ န၀တ နအဖ စစ်အစိုးရလက်ထက်တွေမှာ လှိုင်လှိုင်ကြီး ရိုက်ကူးထုတ်လွှင့်ခဲ့တယ်။
လူထုအစိုးရ ဆိုတဲ့ အခု အန်အယ်လ်ဒီအစိုရလက်ထက်မှာလည်း ဒီမိုကရေစီ ရက်သတ္တပတ်ဇာတ်ကား ဆိုပြီး သရာစောထိ ဇာတ်ကား ရိုက်ကူးပြီး ရုံတင်ပြသခဲ့တယ်။
၂၀၁၇ခု နှစ်အတွက် အကယ်ဒမီဇကာတင်ဇာတ်ကားစာရင်း ထွက်လာတော့ အဲ့ဒီ ပေါ်လစီဇာတ်ကား သရာစောထိ ပါဝင်လာတာ တွေ့ရပြီး ပေါ်လစီဇာတ်ကား အကယ်ဒမီစာရင်းဝင်တဲ့ ခေတ် ရှိနေသေးတာ သတိထားမိလိုက်ပါတယ်။
အခုနှစ်အကယ်ဒမီဇကာတင်စာရင်းမှာ သရာစောထိနဲ့ နေခြည်မှာ ရွှေရည်လောင်း၊ ဆိုတဲ့ ဇာတ်ကားတွေဟာ အကျိုးပြုစာရင်းဝင်ဇာတ်ကားတွေအဖြစ်ပါဝင်လာပြီး ဒီနှစ်ကားထဲ တကားတကား ကတော့ ဇာတ်ကား ဆု ရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်လည်း ထွက်ပါတယ်။
ဒီလို ခန့်မှန်းပြောဆိုရအောင်ဖြစ်ရတဲ့ အကြောင်းရှာတော့ ဇာတ်ကားရဲ့ဇာတ်လမ်း ဇာတ်အိမ်တွေဖြစ်နေတာ တွေ့ရတယ်။
သရာစောထိ ဇာတ်လမ်းကို ဇာတ်ကားရဲ့ အင်တာနက်စာမျက်နှာမှာ ခုလို ညွှန်းဆိုထားတာ တွေ့ရပါတယ်။
“သရာ ဆိုတာ ဒေသိယသုံး ဆရာလို့ခေါ်တာ၊ စောထိ ဆိုတာက နာမည် မြန်မာလိုဆို ရေချမ်းလို့ ခေါ်တာပေါ့၊ အဲ့တော့ သရာစောထိဆိုတာ ဆရာရေချမ်းလို့ ခေါ်တွင်တယ်ပေါ့လေ။
အကျိုးပြုဇာတ်ကားဆိုပေမယ့် ဘယ်လိုလက်တွေ့ဆန်တဲ့ စကားအသုံးအနှုန်းတွေ၊ သရုပ်ဆောင်အသစ်တွေဆိုပေသည့် ဇာတ်ရုပ်နဲ့လိုက်ဖက်စွာ အံဝင်ဂွင်ကျ သရုပ်ဆောင် သွားနိုင်တဲ့ မျက်နှာသစ်သရုပ်ဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကို မြင်ရမှာပါ။
ဇာတ်လမ်းရဲ့ တည်နေရာလေးက တောင်ငူ သံတောင်မြို့လေးကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်မို့ ရှုခင်း ရှုကွက်က လှလွန်းနေသလို ဇာတ်အိမ်တည်တာကလည်း ခေတ်ကိုထင်ဟပ်စေပါရဲ့။
ဒီမြို့လေးမှာ အရမ်းချစ်ကြပြီး စာလည်းတော် ရည်မှန်းချက်ကိုယ်စီနဲ့ သူငယ်ချင်းသုံးယောက် ရှိကြတယ်။
စောထိ၊ စောတန်ခူးနဲ့ နော်ရှားဆိုတဲ့ သူငယ်ချင်းသုံးယောက်ပေါ့။ စောထိကတော့ မအေဒုက္ခိတကြီးနဲ့ ဖအေမရှိပေမယ့် ခြံအလုပ်လုပ်ရင်း ဆယ်တန်းအထိရောက်လာတဲ့ ကျောင်းဆရာ ဖြစ်ချင်သူ သားလိမ္မာလေးတစ်ယောက်။ စောတန်ခူးကတော့ မိစုံဖစုံနဲ့ အလယ်အလတ်တန်းစား မိသားစုကနေပေါက်ဖွားလာပြီး အရာရှိ၊ အရာခံဖြစ်ချင်သူ တစ်ဦး။
နော်ရှားဆိုတဲ့ ကောင်မလေးကတော့ မိဘစုံသလို ပိုက်ဆံလည်းရှိတဲ့ စီပွားရေး တက္ကသိုလ်တက် လုပ်ငန်းတွေကို ဦးစီးဦးဆောင်ချင်သူ မိန်းကလေးတစ်ဦးပေါ့။
ဝါသနာမတူ၊ အဆင့်အတန်းမတူကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖေးကူကြရင်း ဆယ်တန်းစာမေးပွဲကို မြို့တက်ပြီး တူတူဖြေဖို့အတွက် စာတူတူကျက်ကြပုံတွေနဲ့ ဇာတ်ရဲ့အဖွင့် မှာ ညဘက်ရိုက်ချက်တွေ အလင်းအမှောင်သုံးထားတာတွေက အတော်ကိုလှပါတယ်။
ဒီလိုနဲ့ စာမေးပွဲဖြေခါနီး ဂွမ်ဒေါင်း ခေါ် ထွေလာဂျီလို့ ကျွန်တော်တို့ဆီမှာခေါ်ကြတဲ့ တရုပ်နီအင်ဂျင်တပ် မည်ကာမတ္တကားလေးနဲ့ တောင်ငူမြို့မှာ စာမေးပွဲ သွားဖြေကြတယ်ပေါ့။ စာမေးပွဲဖြေနေတဲ့ရက်အတွင်းမှာ စောထိတစ်ယောက် နေမကောင်းဖြစ်နေချိန် ကျန်ခဲ့တဲ့ သူတို့နယ်လေးမှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုက်ပွဲဖြစ်ပွားနေချိန်က တစ်ချိန်တည်းလိုလိုပေါ့။
စာမေးပွဲပြီးလို့ အိမ်အပြန်ပြီး သိပ်မကြာခင်မှာ စောတန်ခူးအမေ နေမကောင်းဖြစ်လို့ ဆေးရုံအသွား ဆရာဝန်မရှိ နပ်စ်တစ်ယောက်သာရှိတဲ့ ဆေးရုံကိုအရောက် ဆရာဝန်မရှိလို့ မြို့ဆေးရုံပြေးရတဲ့အခြေအနေမှာ သူတို့နယ်မှာ ဆရာဝန်တွေကြာကြာမမြဲတာ နယ်မြေ မငြိမ်းချမ်းမှုနဲ့ ဒေသခံနေရပ်သူတွေ ပညာမတတ်မှုဆိုတာကိုပြသွားတာ ဇာတ်ရဲ့လိုအပ်တဲ့ အရှိန်ကို စတင်လိုက်သလို စောထိရဲ့ရင်ထဲကို စာသင်ပေးချင်တဲ့ ကျောင်းဆရာဖြစ်ဖို့ တွန်းအားတစ်ခု ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။
ဒီနောက် အောင်စာရင်းထွက်လာတဲ့အခါမှာ နော်ရှားကတော့ သူလိုချင်တဲ့ စီးပွားရေး တက္ကသိုလ်တက်ခွင့်ရပြီး စောတန်ခူးကတော့ သာမန်အောင်မှတ်ကလေးနဲ့ အောင်လာခဲ့ပြီး ဘယ်လိုမှမထင်မှတ်ထားတဲ့ ဇာတ်ကွက်အပြောင်းတစ်ခုလို စောထိစာမေးပွဲ ကျခြင်းနဲ့ ရင်ဆိုင်လိုက်ရတာပါဘဲ။
စောထိတစ်ယောက် ဆယ်တန်းမအောင်မြင်ခဲ့ပေမယ့် သူတို့ရွာကျောင်းလေးမှာ ပညာသင်ကြားပေးမယ့် ဆရာတွေက တာဝန်ချိန်ကုန်လို့ မြို့ပြန်သွားသူနဲ့ ခွင့်နဲ့မြို့ပြန်သွားတဲ့ သူက ပြန်တဲ့အခါ စာသင်ကျောင်းမှာ ဆရာမဲ့နေချိန် ကိုယ့်ဘာသာ ဆွဲခန့်ဆရာလုပ်ပြီး ကလေးတွေကို စာသင်ပေးတဲ့အလုပ်ကို ကျေကျေနပ်နပ်ကြီး ခံယူပစ်လိုက်ပါတော့တယ်။
ဒါပေမယ့် မြို့ကစာသင်ကြားပေးမယ့် ဆရာတွေ စုံလင်စွာပြန်လာတဲ့အခါကျရင်တော့ မိမိကျေနပ်စွာ ထွက်ပေးပါမယ်ဆိုတဲ့ စကားခံရင်းနဲ့ သူဖြစ်ချင်တဲ့ ကျောင်းဆရာဘဝနဲ့ ဆက်သွားနိုင်မလား မသွားနိုင်မလား...။
အထက်မရောက် အောက်မရောက်အောင်မှတ်နဲ့ စောတန်ခူးတစ်ယောက်ကရော ဘယ်လိုဘယ်ပုံ ရည်မှန်းချက်ကို ဆက်သွားမလား မသွားနိုင်မလား...။
စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ချင်ပြီး ဒေသအကျိုးအတွက် စွမ်းဆောင်ချင်တဲ့ နော်ရှားကရော သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲ...။
မထင်မှတ်ထားတဲ့ ထောင့်တစ်ခုကနေဝင်လာတဲ့ မိဘမဲ့တစ်ကောင်ကြွက် ဘုရားကျောင်းက စောင့်ရှောက်ထားရတဲ့ နော်ပဲလှော်ကလေးကရော ဇာတ်ကိုဘယ်လို ပံ့ပိုးမလဲ ဆိုတာကို .” ဆိုပြီး ညွှန်းဆိုထားတယ်။
ခေတ်က တောင်းဆိုနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို ဦးတည်ထားတဲ့ ပေါ်လစီကားဖြစ်ပြီး ဒီလိုကားမျိုးတွေ အကယ်ဒမီဇကာတင်စာရင်းဝင်တာ မြန်မာပြည်မှာတော့ မဆန်းဘူးလို့ပဲ ဆိုရမယ်။
နေခြည်မှာ ရွှေရည်လောင်းဆိုတဲ့ အကျိုးပြုကား ခေါ် ပေါ်လစီကားကလည်း ကျောင်းဆရာတဦးရဲ့ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်ဆိုတာကနေ မိမိကျေးရွာနဲ့ လယ်ယာစီးပွားတိုးတက်အောင် လုပ်ဆောင်မည် ဆိုတဲ့ ဇာတ်လမ်းဇာတ်အိမ်ကို တည်ထားတဲ့ ဇာတ်ကား တခုပါပဲ။
ဒီ ဇာတ်ကား ၂ခု စလုံးဟာ ရန်ကုန်က အိမ် နှစ်လုံး သုံးလုံးမှာ လှည်ပတ် ရိုက်ကူးထားတဲ့ ဇာတ်ကားတွေထက်စာရင် နယ်ထွက်ပြီး အချိန်ယူ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဖြစ်နေတာတော့ သတိထားမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လစီဇာတ်ကားတွေ မြန်မာပြည်မှာ အလုပ်ဖြစ်နေတုန်းဖြစ်ပြီး အစိုးရကိုယ်တိုင်လည်း ပေါ်လစီဇာတ်ကားတွေ ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးဖို့ ကြိုးပမ်းနေတုန်း ဖြစ်တယ်။
မကြာသေးခင်ကပဲ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ရခိုင်ဒေသအခြေခံ နိုင်ငံအကျိုးပြု ပေါ်လစီဇာတ်လမ်းတခု ရိုက်ဖို့ စတင် စိုင်းပြင်းခဲ့တာကြည့်ရင် အခု အစိုးရလည်း ပေါ်လစီကား ရိုက်တာပဲလို့ ပြောရမယ်။
တဆက်ထဲ သုံးသပ်လို့ရတာက မြန်မာပြည်မှာ ပေါ်လစီကားတွေ ဆက်လက်တွင်ကျယ်ပြီး အကယ်ဒမီတန်းဝင်နေဦးမှာလည်း မလွဲဧကန်။
ကိုလေအိုး