Live
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား
နန်းမြနဒီ
·
May 28, 2012
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်ထောင်စု လမ်းမကြီး အလယ်ကျွန်းပေါ်မှာ ဒီနေ့ မနက် ၆ နာရီ ကျော်လောက်က ဗုံးပေါက်ကွဲခဲ့မှုတခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်း ရဲအရာရှိ တဦးက ပြောပါတယ်။ “ကွဲတာတော့ကွဲတယ်။ တလုံးကွဲတယ်။ တလုံးကိုဖော်ထုတ်နိုင်တယ်။ ယုဇန ကားလမ်း လမ်းလယ်ကျွန်းပေါ်မှာ လူ အထိအခိုက်တော့ မရှိပါဘူး။ လမ်းလယ် ကျွန်းပေါ်မှာဆိုတော့ ဘေး အဆောက်အဦတော့ တော်တော်ဝေးတယ်။ ထိခိုက်မှုမရှိပါဘူး။ နဂိုကတည်းက လုံခြုံရေးက တင်းကျပ်စွာ ယူထားပါတယ်။ မိုင်းရှာစက်တွေနဲ့ ဘီအီးစက်တွေ နဲ့ ပေါင်းစပ်ပြီး လေ့ကျင့် သင်တန်းပေးထားတယ်။ လုံခြုံရေးတွေ တင်းကျပ်စွာ ဆောင်ရွက်နေပါတယ်။” တာဝန်ကျ လုံခြုံရေးရဲနဲ့ မိုင်းရှင်းလင်းရေးအဖွဲ့တွေက ဗုံးကွဲတဲ့ နေရာအနီးတ၀ိုက်မှာ ဆက်လက် ရှာဖွေကြည့်ရာ ပထမဗုံးပေါက်တဲ့နေရာနဲ့ ၁၀ ပေလောက်ဝေးတဲ့ ကုက္ကိုပင်အောက်မှာလည်း မကွဲသေးတဲ့ ဗုံးတလုံးကို ထပ်ပြီး တွေ့ခဲ့တဲ့အတွက် အချိန်မီ ရှင်းလင်းခဲ့တဲ့အကြောင်းနဲ့ ဗုံးကွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်လက် စုံစမ်းနေဆဲပဲလို့  ရဲအရာရှိက ဆက်ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် မြို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မြစ်ကြီးနားမှာ ဗုံးကွဲတာ ဒီမေလထဲမှာ ဒီတခေါက်နဲ့ဆို ၂ ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။ မေလ ၅ ရက်နေ့ မနက်က အေးမြသာယာရပ်ကွက်ထဲမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုမှာလည်း ပထမ တကြိမ် ပေါက်ကွဲမှုကို သွားရောက် စစ်ဆေးနေတုန်း ဒုတိယအကြိမ် ဗုံးထပ်ပေါက်တဲ့အတွက် တာဝန်ကျရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဧပြီလတုန်းကလည်း  မြစ်ကြီးနားမြို့မှာ  ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024