Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် စစ်ကိုင်းတိုင်းလွှတ်တော် အတည်ပြု
Aung Ko Latt
·
March 20, 2018
စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးစီမံချက် ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆို စစ်ကိုင်းတိုင်းလွှတ်တော်က မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာပါ။ ဒီအဆိုကို ရွှေဘိုမဲဆန္ဒနယ်အမှတ် ၁ မှ ဦးမိုးကျော်သူက သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေ၊ အရပ်ဘက်၊ ပြည်သူ ပူးပေါင်းကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ဖို့ တိုင်းအစိုးရကို တိုက်တွန်းကြောင်း လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ အဆိုကို ဆွေးနွေးသူ ၁၉ ဦးက သူတို့ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို ဥပမာထား တင်ပြဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူနဲ့ အကြံပြုဆွေးနွေးသူတွေလည်း ရှိခဲ့ပါတယ်။ အဆိုနဲ့ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် ကိုယ်စားလှယ် ၁၉ ဦးက ဆွေးနွေးခဲ့တာပါ။ လွှတ်ေတာ်ကိုယ်စားလှယ် ၁၉ ဦးအထိ ဆွေးနွေးတာက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သက်တမ်းမှာ ကိုယ်စားလှယ်အများဆုံး ဆွေးနွေးတဲ့ အဆိုတခုလည်း ဖြစ်ပါတယ်။ အဆိုမှာ ပါဝင်တဲ့ စကားလုံးအသုံးအနှုန်းအချို့ ပြောင်းလဲပြီး ဝင်ရောက်စွက်ဖက်တာမျိုး မဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေက ထိန်းညှိ လုပ်ဆောင်နိုင်ဖို့တော့ လိုတယ်လို့လည်း သက်ဆိုင်ရာဝန်ကြီးဖြစ်တဲ့ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သန်းနိုင်က လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှို့ဝှက်ဆန္ဒမဲပေးရာမှာ မဲပေးသူစုစုပေါင်း ၈၆ ဦးရှိတဲ့အထဲက ထောက်ခံသူ ၆၁ ဦး၊ ကန့်ကွက်သူ ၁၇ ဦး၊ ကြားနေ ၇ ဦးနှင့် ပယ်မဲ ၁ ဦးတို့ရှိခဲ့ပြီး ထောက်ခံသူများတဲ့အတွက် အဆိုကို လွှတ်ေတာ်က အတည်ပြုခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို လည်း ၁၁ ရက်ကြာအထိ ကျင်းပခဲ့ပြီး ရပ်နားခဲ့ကာ ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုတော့ ဧပြီလ နောက်ဆုံးပတ်လောက်မှာ ကျင်းပမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024