FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားလိုသက်သေ ၉ ဦးကို ပယ်ဖျက်
DVB
·
March 20, 2018
FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုမှာ တင်သွင်းထားတဲ့ သက်သေ ၃၅ ဦးအနက် ၉ ဦးကို တရားလိုပြသက်သေကနေ ပယ်ဖျက်လိုက်တယ်လို့ မတ်လ ၁၉ ရက် ရုံးချိန်းမှာ ကြေညာလိုက်ပါတယ်။
မနေ့ကရုံးချိန်းမှာ တရားလိုသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး နှစ်ဖက် အပြန်အလှန် မေးခွန်းတွေ မေးမြန်းအပြီးမှာတော့ တရားလို ၉ ဦးကို နိုင်ငံတော်ဘက်ကနေ ပယ်ဖျက်လိုက်ကြောင်း တရားသူကြီးက ကြေညာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်ဘက်ကနေ ပယ်ဖျက်တယ်ဆိုတာ တရားလိုဘက်က ရှေ့နေကနေ မလိုအပ်တဲ့ သက်သေတွေကို ပယ်ချလိုက်တာ ဖြစ်တယ်လို့ တွဲဖက်ခရိုင်တရားသူကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ တရားလိုပြသက်သေတွေအနေနဲ့ အသတ်ခံရသူ မရွှေရည်ဝင်းရဲ့ မိဘ၊ အမှုစစ်ရဲအရာရှိတွေ၊ အငှားယာဉ်မောင်း မျိုးဇော်ဦးရဲ့ ရပ်ကွက်အတွင်းက သက်သေ ဖုန်းဆိုင်ဝန်ထမ်း စတာတွေကို စစ်ဆေးခဲ့ပါတယ်။
အခုလို သက်သေ ၉ ဦးပ ယ်ချလိုက်တဲ့အပေါ် တရားခံလို့ စွပ်စွဲခံထားရတဲ့သူဘက်ကနေ လိုက်ပေးတဲ့ ရှေ့နေကတော့ ကြိုဆိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရားခံအတွက် တရားခံပြသက်သေကိုလည်း ရှာပေးဖို့ ကြိုးစားနေကြောင်းလည်း အငှားယာဉ်မောင်းသမားရဲ့ ရှေ့နေဦးမောင်မောင်စိုးက ပြောပါတယ်။
လက်ရှိမှာ အငှားယာဉ်မောင်း မျိုးဇော်ဦးကို ရာဇဝတ်မှုပုဒ်မ ၂၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီအမှုမှာ တရားလိုပြသက်သေ ၁၄ ဦးကို စစ်ဆေးပြီးသွားပြီဖြစ်ပြီး၊ နိုင်ငံတော်က တရားလိုသက်သေ ၉ ဦးကို ပယ်ဖျက်လိုက်တာကြောင့် စုစုပေါင်း သက်သေ ၂၃ ဦးကို စစ်ဆေးပြီးသွားပြီ ဖြစ်ပါတယ်။
နောက်လာမယ့် ရုံးချိန်းကိုတော့ မတ်လ ၂၆ ရက်နေ့မှာ စစ်ဆေးသွားဖို့ ရှိပါတယ်။