Live
Home
မြန်မာသတင်း
ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်လူထု ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကျင်းပ
နော်နိုရင်း
·
March 20, 2018
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က အစိုးရတပ်ရဲ့ တိုးချဲ့မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်က ဒေသခံတွေဟာ ငြိမ်းချမ်းရေးရဖို့အတွက် မနေ့က စုဝေးပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီဆုတောင်းပွဲကို လူသောမြို့နယ် လယ်မူပလောဒေသမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ကျေးရွာတွေအနီး နေရာယူထားတဲ့ အစိုးရတပ်တွေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ “အခုက လယ်မူပလောကနေ ခေးပူအကြား ကားလမ်းလုပ်ဖို့ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ဒေသခံတွေက မလိုလားဘူး။ ကျနော်တို့ ငြိမ်းချမ်းမှုကို လိုချင်တယ်။ ပဋိပက္ခကို မလိုလားဘူး။ သူတို့ ဒီကားလမ်းကို ဆောက်လုပ်မယ်ဆိုရင် သူတို့တပ်နဲ့ ကေအန်ယူတပ်တွေ ပစ်ခတ်မှု ဖြစ်မယ်။ တိုက်ပွဲကြောင့် ကျနော်တို့ ဒေသခံတွေကပဲ ထိခိုက်မှုတွေ ဖြစ်မယ်။ ဒါကြောင့် ကျနော်တို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒီကားလမ်းကို မလုပ်စေချင်ဘူး။ နောက်တချက်က ကျနော်တို့ ပဋိပက္ခနဲ့ တိုက်ပွဲကို မလိုလားဘူး။ ကေအန်ယူနဲ့ အစိုးရတပ်တို့အကြား ဒေသခံတွေ လုံခြုံရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုပါတယ်” လို့ ဒေသခံ စောသီးအိုမူက ဒီဗွီဘီကို ပြောပါတယ်။ အစိုးရတပ်ရဲ့ နယ်မြေတိုးချဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၅ ရွာက လူပေါင်း ၂၀၀၀ နီးပါးဟာလည်း စားဝတ်နေရေးနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆုတောင်းပွဲအပြီး ထုတ်ပြန်ကြေညာထားပါတယ်။ ဒေသခံတွေကို သွားရောက်ကူညီပေးနေတဲ့ ကရင်လူမှုအဖွဲ့က နော်ဆာမူကတော့ “အခု အန်စီအေရဲ့ သတ်မှတ်ချက်ကို ကြည့်မယ်ဆိုရင် မြန်မာစစ်တပ်က အဲဒီသတ်မှတ်ထားတဲ့ နယ်နိမိတ်ကို အများကြီး ကျွံလာတယ်။ ရွာသားတွေကလည်း နဂိုကတည်းကမှ စစ်တပ်ကို ကြောက်နေကြတဲ့လူတွေ ဆိုတော့ အခုစစ်တပ်က နယ်မြေကျွံလာတော့ အကုန်လုံး ထွက်ပြေးကုန်ကြတာပေါ့။ ဒီလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အမျိုးသမီးတွေ ကလေးငယ်တွေအတွက် အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်။ မနေ့ညကတောင်မှ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။” ဒါ့အပြင် ဌာနေတိုင်းရင်းသားတွေအနေနဲ့ အခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် သူတို့ ထိန်းသိမ်းထားခဲ့တဲ့ သစ်တောတွေ အစိုးရတပ်ကြောင့် ပျက်စီးသွားမှာကိုလည်း စိုးရိမ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဖာပွန်ခရိုင် လူသောမြို့နယ်မှာ မတ်လ ၄ ရက်နေ့ကစပြီး တပ်မတော်က အင်အားအလုံးအရင်းနဲ့ တိုးချဲ့ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်အေတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ Photo- စောအိုမူး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024