မြင်းခြံမြို့မဈေးတွင် မီးဘေးအန္တရာယ်အတွက် ဇာတ်တိုက်လေ့ကျင့်
DVB
·
March 19, 2018
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ မြို့မဈေးကြီးမှာ မတ်လ ၁၉ ရက် မနက်က မြို့မဈေးကြီး မီးဘေးအန္တရာယ်ကင်းဝေးစေရေးနဲ့ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပ ပါတယ်။
မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က “ဈေးထဲမှာ ထားရှိတဲ့ မီးဘေးကာကွယ်ရေးပစ္စည်းတွေ မီးသတ်ဆေးဘူးတွေ၊ ရေစုပ်စက်တွေ၊ ရေငုတ်တွေကို အရေးပေါ်ဖြစ်လာရင် သုံးလို့ ရ၊ မရ စစ်ဆေးပါတယ်။ လျှပ်စစ်ကြိုးတွေရဲ့ ခံနိုင်ရည် လျော့ကျနေတာတွေ စစ်ဆေးပါတယ်။ အခုအခါမှာ မီးအားတွေက ကောင်းလာတော့ ကြိုးတွေက အပူလွန်ကဲလာပြီး လျှပ်စစ်ဝါယာရှော့ခ်တွေ ဖြစ်လာတာ တွေ့ရပါတယ်။ အဓိကတော့ ဈေးတွေ မီးမလောင်ဖို့ကို ဈေးသူဈေးသားတွေကို ဟောပြောပွဲတွေ၊ မီးငြှိမ်းသတ်ရေးကိရိယာတွေကို ဘယ်လို အသုံးပြုရတယ် ဆိုတာ လက်တွေ့သရုပ်ပြပေးခဲ့တယ်”လို့ပြောပါတယ်။
ပွင့်လင်းရာသီရောက်လာပြီး မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်ပေးရေး လုပ်ငန်းတွေကို မြို့မဈေးအပါအဝင် အေးမြသီတာဈေး၊ စံပြဈေးတို့မှာပါ ပညာပေး ဟောပြောပွဲတွေ၊ ဇာတ်တိုက်လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
မြင်းခြံ မြို့မဈေးခေါင်း ဦးရင်ထွေးက “ဈေးသူဈေးသားတွေနဲ့ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ခုလို လက်တွေ့ကျကျ မီးဘေးအန္တရာယ်အတွက် သရုပ်ပြတာတွေ၊ နောက်ပြီး မြို့မဈေးကြီးရဲ့ ညစောင့်ဝန်ထမ်းတွေ မီးအန္တရာယ် အရေးကြုံလာရင် မီးသတ်ဘူးကို ဘယ်လို ကိုင်တွယ် အသုံးပြုရမယ်ဆိုတာတွေ သိထားတော့ ပိုပြီး အကျိုးရှိပါတယ်”လို့ပြောပါတယ်။
၂၀၁၈ ပွင့်လင်းရာသီအရောက်တွင် မြင်းခြံမြို့မှာ မီးလောင်ကျွမ်းမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးဟာ ငွေကျပ် ၁၅ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။
မြင်းခြံမြို့နယ်မှာ မီးသတ်စခန်း ၃ ခုရှိပြီး၊ မီးငြှိမ်းသတ်ရေယာဉ် ၁၂ စီးနဲ့ မီးသတ်ဝန်ထမ်း အမျိုးသား၊ အမျိုးသမီး ၇၂ ဦး ရှိပါတယ်။
သတင်း - ရီရီထွန်း(မြင်းခြံ)