Home
မြန်မာသတင်း
တရားရုံးချုပ်ရှေ့နေများ (ဘားကောင်စီ) အက်ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး
DVB
·
March 17, 2018
မြန်မာနိုင်ငံမှာ ရှေ့နေတွေ အကာကွယ်ပြန်ရဖို့ တရားရုံးချုပ်ရှေ့နေများ (ဘားကောင်စီ) အက်ဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ရှေ့နေတွေ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ MAHAR AHKHAYAR LAW FIRM မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ၁၉၂၆ ခုနှစ် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဘားကောင်းစီအက်ဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (နဝတ) အဖွဲ့၊ သမ္မတ ဦးစောမောင် လက်ထက် ၁၉၈၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ပြင်ဆင်ဖြည့်စွက်ပြီး တရားရုံးချုပ်ရှေ့နေများ (ဘားကောင်းစီ) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဆိုပြီး ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ နဝတလက်ထက်က ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ ဘားကောင်းစီအက်ဥပဒေကို အင်္ဂလိပ်တွေပြဋ္ဌာန်းခဲ့တဲ့ မူလဥပဒေအတိုင်း ပြန်ပြင်ဆင်ပေးဖို့ ဆွေးနွေးကြခဲ့ကြတယ်လို့ ဒီကနေ့ဆွေးနွေးပွဲမှာ သဘာပတိဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးအောင်ကျော်မင်းက ဒီဗွီဘီကို ပြောပါတယ်။ “နဝတလက်ထက် မပြင်ဆင်ခင်က မူလဥပဒေထဲမှာ တရားရုံးချုပ်ရှေ့နေများကောင်စီမှာ အဖွဲ့ဝင် ၁၅ ယောက်ရှိတယ်။ ဒီအထဲမှာ နိုင်ငံတော်ရှေ့နေချုပ်။ တရားလွှတ်တော် ဒါမှမဟုတ် တရားရုံးချုပ်က အမည်စာရင်းတင်သွင်းထားတဲ့ ပုဂ္ဂိုလ် ၄ ယောက်နဲ့ တရားလွှတ်တော်ရှေ့နေတွေက ရွေးကောက်တင်မြှောက်ခြင်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ တရားလွှတ်တော်ရှေ့နေ ၁၀ ယောက်တို့နဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်" လို့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။ နဝတလက် ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ အက်ဥပဒေထဲမှာ မူလပုဒ်မ ၄ ကို အစားထိုးပြင်ဆင်ခဲ့ပြီး ပုဒ်မ (၆) တစ်ခုလုံးကို ပယ်ဖျက်ပြီး ပြင်ဆင်ပြဌာန်းခဲ့တာကြောင့် ဘားကောင်စီ အဖွဲ့ဝင်တွေထဲမှာ အရင်လို ရှေ့နေကိုယ်စားပြုအဖွဲ့ဝင်တွေ ပါမလာတော့ဘဲ အာဏာပိုင်အဆက်ဆက်ရဲ့ ခန့်အပ်တဲ့ ပုဂ္ဂိုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် ဘားကောင်စီအက်ဥပဒေဟာ ရှေ့နေတွေအတွက် အကာကွယ်မရခဲ့တော့တာလို့ ရှေ့နေတွေက ပြောပါတယ်။ “တရားရုံးချုပ်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို အခု ဒီမိုကရေစီအစိုးရလက်ထက်မှာ ပယ်ဖျက်ပြီး မူလဥပဒေအတိုင်း ပြဋ္ဌာန်းပေးနိုင်မယ်ဆိုရင် တရားစီရင်ရေးမှာ အထိန်း အကွတ်ရှိသွားပြီး ပိုပြီးတော့ ထိထိရောက်ရောက် အကျိုးရှိသွားနိုင်မယ်။ အဲဒီမှာဆောင်ရွက်နေတဲ့ ရှေ့နေတွေ အကာကွယ်ရနိုင်မယ်။ တရားသူကြီးတွေကို အသားလွတ်ကြီး ကြောက်နေစရာမလိုတော့ဘူး” လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။ ရှစ်လေးလုံးအရေးခင်းကာလမှာ တရားရုံးချုပ်ရှေ့နေများကောင်စီထဲက အလုပ်အမှုဆောင်ရှေ့နေတွေ ဆန္ဒပြတဲ့အထဲ ပါလာကြပြီး ဆန္ဒပြပွဲတွေ အရှိန်ပို မြှင့်တက်ခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ ဒီအက်ဥပဒေကို ဦးတည်ပြီး ပြင်ဆင်ခဲ့တာမျိုးဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ရှေ့နေတွေက ထည့်သွင်းဆွေးနွေးသွားပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ ပြင်ဆင်ထားတဲ့ Bar Council Art ဥပဒေ ဖွဲ့စည်းပုံစနစ်ဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတာကြောင့် ခေတ်ကာလအခြေအနေတွေအရ သင့်လျော်ခြင်းမရှိတော့ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်မင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024