Home
မြန်မာသတင်း
သံချပ် စာသားများအတွက် ကြိုတင်ခွင့်ပြုချက်မယူဟု သင်္ကြန်သံချပ်အဖွဲ့အချို့ ပြော
DVB
·
March 17, 2018
သင်္ကြန်သံချပ်၊ သီချင်းစာသားတွေကို ကြိုတင်ခွင့်ပြုချက်ယူမှာမဟုတ်ဘဲ သံချပ်စာသားတွေအတွက် အပြည့်အဝတာဝန်ယူသွားမယ်လို့ ကျောင်းသားတွေနဲ့ လူငယ်တွေ ဖွဲ့စည်းထားတဲ့ သံချပ်အဖွဲ့အချို့က ပြောပါတယ်။ သင်္ကြန်သံချပ်ကို ဘယ်အစိုးရလက်ထက်မှာမှ စိစစ်ရေးတင်ပြတာ မလုပ်ခဲ့တာကြောင့် ၂၀၁၈ မှာလည်း တင်ပြသွားမှာမဟုတ်ဘူးလို့ နှစ်ပေါင်း ၅၀ ကျော်ကြာ မျိုးဆက်အလိုက် လူငယ်တွေကနေ လွှဲပြောင်းယူခဲ့သူ အပြာရဲ့ အနီသံချပ် အဖွဲ့ခေါင်းဆောင် ကိုခန့်မင်းထက်က ပြောပါတယ်။ ဒါပေမယ့် သင်္ကြန်သံချပ်၊ သီချင်းတွေကို တင်ပြသူအများစုက စိစစ်ရေးအဖွဲ့ကို တင်ပြတာတခု၊ မြေပြင်မှာ သံချပ်ရွတ်တာတခု ဖြစ်ကြတာ အများစုဖြစ်တာကြောင့် အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကို သိရမယ်ဆိုရင် သံချပ်စာသားတွေကို တင်ပြပေးမယ်လို့ ဆိုပါတယ်။ အပြာရဲ့အနီသံချပ်ကို ကဗျာဆရာမောင်စိမ်းနီတို့ တည်ထောင်ခဲ့တာဖြစ်ပြီး နှစ် ၅၀ ကျော်လုံး ငြိမ်းချမ်းရေး နဲ့ လူ့အခွင့်အရေး သံချပ်စာသားတွေကိုသာ ဇောင်းပေးရေးဖွဲ့ထားတာကြောင့် အပြည့်အဝ တာဝန်ယူတယ်လို့ ပြောပါတယ်။ အပြာရဲ့အနီမှာ အသက် ၉ နှစ် ကလေးငယ်ကစပြီး လူငယ်တွေနဲ့ အခြေပြုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ အခြေခံဖွဲ့ထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်ကလည်း ၂၀၁၃ ကနေစပြီး ပြည်သူရဲ့ လိုအပ်ချက်ခေတ်စနစ်ကို သရော်ချက်တွေ၊ ပညာရေးစနစ်တွေ စတဲ့ ကျောင်းသားလူငယ်တွေရဲ့ သံချပ်တွေဖြစ်တာကြောင့် စိစစ်ရေးအဖွဲ့ကို မတင်ပြဘူးလို့ ဒေါင်းတို့မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုပိုင်ရဲသူက ပြောပါတယ်။ လက်ရှိ သင်္ကြန်သံချပ်နဲ့ပတ်သက်ပြီး သီချင်းသံချပ် စိစစ်ရေးကော်မတီ ရုံးခန်းတည်ရှိရာ ရန်ကုန်တိုင်းအစိုးရရုံး ဒုတိယထပ် အခန်း ၂၀၉ မှာ လာရောက်တင်ပြသူတွေရဲ့ စာရင်းကိုသာ ကောက်ယူနေတယ်လို့ ဆိုပါတယ်။ ဘာသာရး၊ လူမျိုးရေး ထိခိုက်စေမယ့် အသုံးအနှုန်းတွေ၊ ရိုင်းပြတဲ့ အသုံးအနှုန်းတွေ မပါဝင်ဖို့နဲ့ နိုင်ငံတော်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဂုဏ်သိက္ခာ ညှိုးနွမ်းစေမဲ့ အကြောင်းအရာတွေ ကြိုတင်စိစစ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024