Home
မြန်မာသတင်း
ဝေဖန်ခံနေရသည့် ချင်းတွင်းသင်္ကြန်ကိစ္စ စစ်ကိုင်းတိုင်းအစိုးရ ရှင်းလင်း
DVB
·
March 17, 2018
မုံရွာမြို့ခံတွေကြားမှာ ဝေဖန်မှုတွေရှိနေပြီး ငွေကျပ်သိန်းပေါင်း ၂၀၀၀ ကျော် အကုန်အကျခံ ပြုလုပ်မယ့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ချင်းတွင်းသင်္ကြန်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေက မတ်လ ၁၇ ရက်နေ့ မနက်ပိုင်း  မုံရွာမြို့တော်ခန်းမမှာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ချင်းတွင်းသင်္ကြန်နဲ့ပတ်သက်ပြီး ကျန်းမာရေး၊ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် စတဲ့ကိစ္စတွေကို စိုးရိမ်ပူပန်တာတွေရှိနေသလို ကုန်ကျမယ့်ငွေကြေးတွေကို တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲစေချင်ကြတာပါ။ သင်္ကြန်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ချင်းတွင်း သင်္ကြန်အတွက် သုံးစွဲတဲ့ငွေကြေးက အခုဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အခါကြီးရက်ကြီး ခေါင်းစဉ်အောက်က ရန်ပုံငွေကို သုံးစွဲတာဖြစ်ပြီး တခြား ခေါင်းစဉ်ပြောင်းသုံးစွဲဖို့ မဖြစ်နိုင်တဲ့အတွက် ချင်းတွင်း သင်္ကြန်ပြုလုပ်ပြီး သုံးစွဲရတာလို့ ပြောပါတယ်။ လုံခြုံရေးအနေနဲ့လည်း အထူးစီမံဆောင်ရွက်ထားသလို လိုအပ်ရင် တပ်ရဲ့ အကူအညီကို ရယူသွားမှာဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အထူးစီမံချက်တွေ ရေးဆွဲ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ ဒေသထွက်ကုန်ပစ္စည်းတွေ ဈေးကွက်ကောင်းရဖို့၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့နဲ့  မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံကို ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ပြုလုပ်တာလို့ ပြောပါတယ်။ ချင်းတွင်းသင်္ကြန်နဲ့ပတ်သက်ပြီး ဖြစ်လာသမျှပြဿနာတွေကို သူတစ်ယောက်တည်း တာဝန်ယူဖြေရှင်းသွားမယ်လို့ ဝန်ကြီးချုပ်က ဖြေကြားခဲ့ပါတယ်။ ဆွေးနွေးရာမှာ မြို့ခံအချို့က ကန့်ကွက်ဝေဖန်တာတွေရှိပေမယ့် စီးပွားရေးလုပ်ငန်းရှင် အများစုကတော့ သဘောကျ လက်ခံကြတာကို တွေ့ရပါတယ်။ ချင်းတွင်းသင်္ကြန်ကို Dry Zone, Play Zone, Wet zone နဲ့ Beac Zone ဆိုပြီး ဇုန် ၄ ဇုန်နဲ့ ခင်းကျင်းပြုလုပ်သွားမှာပါ။ ပြီးတော့ ပါရာမိုတာ (မိုးပျံလေထီး) ပြကွက်၊ ဆိုင်ကယ်စတန့်ပြကွက်၊ သဲပန်းပု ပြကွက်တွေကိုလည်း အထူးအစီအစဉ်နဲ့ တင်ဆက်သွားမှာဖြစ်ပါတယ်။ လူထုတွေ့ဆုံပွဲအပြီးမှာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဖွဲ့ဟာ ချင်းတွင်းသင်္ကြန် အကောင်အထည်ဖော်တဲ့နေရာကို ကွင်းဆင်းစစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024