Home
မြန်မာသတင်း
မြန်မာတဦး ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုဖြင့် ကိုရီးယား ၄ ဦး၏အသက် ကယ်တင်နိုင်
DVB
·
March 17, 2018
တောင်ကိုရီးယားနိုင်ငံ စက်ရုံမှာ အလုပ်လုပ်စဉ် မတော်တဆမှုအတွင်း သေဆုံးခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မိသားစုက လှူဒါန်းခဲ့ပြီး ဒီလှူဒါန်းမှုကနေ ကိုရီးယားလူမျိုး ၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုလှူဒါန်းမှုကြောင့် သူ့ရဲ့ဆေးကုသစရိတ်နဲ့ အသုဘအခမ်းအနားအတွက် ကိုရီးယားအစိုးရက ငွေ ၅.၄ သန်း ဂုဏ်ပြုပေးအပ်ခဲ့ပြီး မိသားစုဝင်တွေကတော့ သူ့ရဲ့လှူဒါန်းမှုတွေကို ဆက်လက်လုပ်ဆောင်တဲ့အနေနဲ့ ဒီငွေတွေကို လိုအပ်နေတဲ့ ကလေးတွေဆီ လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။ ကိုဝင်းထွဋ်ဇော်က တောင်ဂျွန်ဆန်းပြည်နယ် မီလ်ယန်မြို့က မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ ရန်ကုန်ကနေ ကိုရီးယားနိုင်ငံကို ၂၀၁၂ ခုနှစ်မှာ သွားခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှာ စက်ရုံထဲ လဲကျကာ ဦးခေါင်းထိခိုက်မိပြီး ဦးနှောက် ဒဏ်ရာ ရရှိသွားခဲ့တာပါ။ အဲ့ဒီနောက် ဘူဆန်မှာရှိတဲ့ တက္ကသိုလ်ဆေးရုံမှာ ခွဲစိတ်ကုသခဲ့ပြီး အခြေအနေတိုးတက်လာလို့ ပိုမိုကောင်းမွန်တဲ့ လူနာတွေထားရာဆေးရုံကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်တနေ့မနက်မှာ နှလုံးခုန်ရပ်သွားလို့ တက္ကသိုလ်ဆေးရုံကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ၂ ပတ်ကြာအောင် အရေးပေါ်အခန်းမှာ ကုသခဲ့ပေမယ့် သူ့အခြေအနေက ပြန်မကောင်းလာတော့ပဲ နောက်ဆုံးမှာ ဦးနှောက်သေဆုံးသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကိုဝင်းထွဋ်ဇော် အသက်ရှူရပ်သွားစဉ် ညီမဖြစ်သူက ကိုရီးယားနိုင်ငံကို သွားခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ သူ့အခြေအနေကို ဆရာဝန်တွေ ရှင်းပြချိန် ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ မိသားစုဝင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။ ကိုဝင်းထွဋ်ဇော်ရဲ့ နှလုံး၊ အသဲ၊ ကျောက်ကပ်တွေကို ကိုရီးယားလူမျိုး လူနာ ၄ ဦးကို မတ် ၃ ရက်နေ့မှာ လှူဒါန်းခဲ့ပြီး သူတို့ ၄ ဦးရဲ့အသက်တွေကို ကယ်တင်နိုင်ခဲ့တာပါ။ ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားသားတွေ ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းတာက အရမ်းရှားပြီး နှစ်စဉ် ၂ ကြိမ်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ကိုဝင်းထွဋ်ဇော်ရဲ့ မိသားစုဝင်တွေက ဗုဒ္ဓဘာသာ အထူးသက်ဝင်ယုံကြည်သူတွေဖြစ်ပြီး သူကလည်း မရှိဆင်းရဲသားတွေကို ရှင်ပြုပေးတာအပါအဝင် လှူဒါန်းနေကျြဖစ်တယ်လို့ သိရပါတယ်။ ကိုဝင်းထွဋ်ဇော်ရဲ့ လှူဒါန်းမှုပြုလုပ်တဲ့ စိတ်ဓာတ်ကို ဆက်လက်လုပ်ဆောင်တဲ့အနေနဲ့ မိသားစုတွေက ကိုရီးယားအစိုးရ ချီးမြှင့်ခဲ့တဲ့ ငွေတွေကို ကလေးစောင့်ရှောက်ရေး အဖွဲ့တဖွဲ့ထံ လှူဒါန်းခဲ့ပါတယ်။ “အစ်ကိုက သူ့ဝင်ငွေထဲက ငွေတွေကို သပ်သပ်ဖယ်ပြီး မြန်မာနိုင်ငံထဲက အဘိုးအဘွားတွေနဲ့ မိဘမဲ့ကလေးတွေကို လှူဒါန်းလေ့ရှိတယ်” လို့ ညီမဖြစ်သူက ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး လီဆန်းဝှာက ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုက စိတ်နှလုံး လှုပ်ရှားစေပြီး မိသားစုတွေရဲ့ ကြေကွဲမှုအတွက် စာနာကြောင်း ပြောလိုက်ကာ သူတို့ကို ကျေးဇူးတင်စကား ကိုယ်တိုင် သွားပြောမယ်လို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကိုရီးယားအစည်းအရုံးကလည်း ဂုဏ်ပြုတဲ့အနေနဲ့ ကိုဝင်းထွဋ်ဇော် ပညာသင်ဆုဖောင်ဒေးရှင်းတခု တည်ထောင်ဖို့ စီစဉ်နေကြောင်း ကိုရီးယားဂျွန်ဂန်ဒေးလီးသတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024