သာစည်-ရွှေညောင် ရထားလမ်းတွင် အလှူသွားအမျိုးသားတဦး ရထားကြိတ်ခံရ
DVB
·
March 17, 2018
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မတ်လ ၁၆ ရက်က သာစည်-ရွှေညောင် ရထားလမ်း မိုင်တိုင်၃၁၅/၆နှင့်၇အကြား ရထားလမ်းအတိုင်း လမ်းလျှောက်ပြီး ဘုရားငါးဆူရွာက အလှူသွားသူတဦး ရထားကြိတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သာစည်မြို့မ ရဲစခန်းက ပြောပါတယ်။
သာစည်မြို့နယ် မယ်ဇလီကန်ရွာနေတဲ့ အသက် ၄၈ နှစ်ရှိ ဦးသိန်းထွန်းဟာ ရထားလမ်းအတိုင်း ဘုရားငါးဆူရွာကအလှူကို လမ်းလျှောက်သွားနေရာက သာစည်- ရွှေညောင်အဆန် ကုန်ရထားနဲ့ တိုက်မိပြီး သေဆုံးသွားတာပါ။
သာစည်မြို့မရဲစခန်း စခန်းမှူးက “ဦးသိန်းထွန်း ဝဲယာ ခြေနှစ်ဖက်လုံး ပြတ်သွားတယ်။ မျက်နှာစုတ်ပြဲတယ်။ လက်တွေလည်း ထိခိုက်ဒဏ်ရာရတယ်။ သာစည်ဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။
သာစည်မီးရထားရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)