Sunday, June 11, 2023
HomeLead Storyကိုလံဘီယာအစိုးရနှင့် အမျိုးသားလွတ်မြောက်ရေးတပ် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်စ

ကိုလံဘီယာအစိုးရနှင့် အမျိုးသားလွတ်မြောက်ရေးတပ် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်စ

ကိုလံဘီယာအစိုးရနဲ့ အမျိုးသားလွတ်မြောက်ရေးတပ် (ELN) တို့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုကို မတ်လ ၁၅ ရက်က ပြန်လည်စတင်ခဲ့ပါတယ်။

သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်က ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်စတင်ဖို့ ညွှန်ကြားခဲ့ပြီးနောက် အခုလို နှစ်ဖက် ပြန်လည်တွေ့ဆုံခဲ့ကြတာပါ။

မေလ ၁၈ ရက်နေ့မှာ ပြီးဆုံးမယ့် ငါးကြိမ်မြောက် ညှိနှိုင်းမှုအတွက် လုပ်ငန်းစဉ်ထဲမှာ  အပြန်အလှန် အပစ်အခတ်ရပ်စဲရေး တိုးမြှင့်ဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း နိုင်ငံသား ပါဝင်မှုနဲ့ သဘောတူညီချက် အသစ်တွေ ရဖို့ ပါဝင်ပါတယ်။

အစိုးရတပ်တွေနဲ့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကို သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို သမ္မတ ဆန်းတို့စ်က ရပ်ဆိုင်းထားခဲ့ပါတယ်။

ELN က ငြိမ်းချမ်းရေးရရင် မေလမှာကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရရှိနိုင်မယ့် ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ်ကို အဆြိုပုပြီးနောက်မှာ ဆန်းတို့စ်က ငြိမ်းချမ်းရေးဆွေးနွေးမှုကို ပြန်စခဲ့ပါတယ်။

“ဒီစေ့စပ်ညှိနှိုင်းမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ရေး၊ ယာယီပူးပေါင်းဆောင်ရွက်မှု အခြေအနေ တိုးတက်လာစေရေး၊ ဇန်နဝါရီ ၉ ရက်နေ့က နောက်ဆုံးရရှိထားတဲ့ နိုင်ငံတဝန်း ငြိမ်းချမ်းရေးနဲ့ အပြီးသတ် သဘောတူညီချက်တွေ ရရှိရေး စတဲ့အချက်တွေအတွက် ဆွေးနွေးသွားမှာပါ” လို့ ကြားဝင်စေ့စပ်ပေးသူ အီကွေဒေါ အစိုးရကိုယ်စားလှယ် ဟွမ် မာရီဂန့်ထ်က ပြောကြားခဲ့တာပါ။

“ရည်မှန်းချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့ရောက်စေဖို့နဲ့ သမ္မတ ရွေးကောက်ပွဲ ရလဒ်က အခုလုပ်ငန်းစဉ်အတွက် အထိအခိုက် မဖြစ်စေဖို့ပါ။ ဒါကြောင့် မေလ ၂၇ ရက်နေ့မှာ ဘယ်အစိုးရတက်တက် အခုဆွေးနွေးညှိနှိုင်းမှုက ရရှိတဲ့ တိုးတက်မှုတွေက အကောင်းဆုံးအရာတွေကို ဆက်လက်လုပ်ဆောင်နိုင်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ELN ရဲ့ စေ့စပ်ညှိနှိုင်းသူ အကြီးအကဲ ပါဘလို ဘယ်ထရန်က ပြောကြားခဲ့တာပါ။

“ကျနော်လုပ်ဆောင်နေတာက လူတွေရဲ့ ဘဝတွေကို ကယ်တင်နိုင်ဖို့အတွက်ပါ။ ငြိမ်းချမ်းရေးဆိုတာ ကိုလံဘီယာနိုင်ငံသားအားလုံးရဲ့ ဘဝတွေနဲ့ ထိုက်တန်မှုရှိပါတယ်” လို့ ကိုလံဘီယာ အစိုးရကိုယ်စားလှယ် ခေါင်းဆောင် ဂတ်စတာဗို ဘဲလ်က ပြောကြားခဲ့ပါတယ်။

ELN သူပုန်အဖွဲ့ဟာ ကိုလံဘီယာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်း တခု ဖြစ်ပါတယ်။

ရာစုနှစ်တဝက်ကာလအတွင်း ELN နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေကြောင့် လူ ၂ သိန်း ၂ သောင်းဝန်းကျင် သေဆုံးခဲ့ရပြီး လူပေါင်းသန်းနဲ့ချီ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular