မြန်မာ့လူ့အခွင့်အရေး အခြေအနေ စိုးရိမ်ပူပန်မှု မြင့်တက်နေဟု သြစတြေးလျပြော

ဓာတ်ပုံ - ရိုက်တာ
မြန်မာနိုင်ငံနဲ့ ကမ္ဘာဒီးယားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေရတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောလိုက်ပါတယ်။ သြစတြေးလျနိုင်ငံမှာ ဒီနေ့စတင်ကျင်းပနေတဲ့ အာဆီယံ-သြစတြေးလျ ၃ ရက်တာ အထူးထိပ်သီးအစည်းအဝေးမှာ ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။  သြစတြေးလျနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုများတဲ့ ဒေသတွင်းမှာ နိုင်ငံရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်နွှယ်မှုခိုင်မြဲအောင် နည်းလမ်းရှာနိုင်ဖို့ အိမ်ရှင်အဖြစ် ဒီအစည်းအဝေးကို လက်ခံ ကျင်းပနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီအစည်းအဝေးကို မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်တို့ တက်ရောက်ကြမှာဖြစ်တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး သူတို့ကို ဆန္ဒပြဖို့လည်း စီစဉ်နေကြတယ်လို့ ဆိုပါတယ်။ သြစတြေးလျဝန်ကြီးချုပ် ဘစ်ရှော့ပ်က“ဒီထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အာဆီယံခေါင်းဆောင်တွေ အားလုံးကို တွေ့ဆုံဆွေးနွေးခွင့်ရဖို့ သြစတြေးလျအစိုးရက ကြိုးစားတာဖြစ်ပြီး ဒီအကျိုးရလဒ်တွေကနေ ကျမတို့ရဲ့ စိုးရိမ်ပူပန်နေရမှုတွေကို သိရှိအောင်လုပ်ဖို့ အကောင်းဆုံး အခွင့်အလမ်းကို ဖန်တီးလိုက်တာပါ။ ဒါဟာ မြန်မာကိုယ် စားလှယ်အဖွဲ့နဲ့ ဆွေးနွေးရမယ့် အရာတွေပါပဲ”လို့ ဆိုပါတယ်။ အစည်းအဝေးတက်ရောက်လာခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး  ရတ်နိုမာ ဆူဒီက ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကိုတွေ့မြင်ရတာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် အကျိုးသက်ရောက်မှုတွေကိုလည်းသိနေရပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ အရေးကိစ္စတွေမှာ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီထိပ်သီးအစည်းအဝေးဟာ သြစတြေးလျနိုင်ငံနဲ့ အာဆီယံ ၁၀ နိုင်ငံကြား ပိုပြီးနီးကပ်တဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေကို မြှင့်တင်နိုင်ဖို့ အထူးအာရုံစိုက်သွားမှာဖြစ်ကာ ဒီဒေသတွေအတွင်းကို အရှေ့အလယ်ပိုင်းဒေသတွေက အကြမ်းဖက်သမားတွေရဲ့ တန်ပြန်ခြိမ်းခြောက်လာမှုတွေကိုလည်း ကာကွယ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up