Live
Home
မြန်မာသတင်း
ကျောက်မဲတွင် တိုက်ပွဲကြောင့် ရွာသား ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
နန်းမြနဒီ
·
March 16, 2018
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ထဲမှာ TNLA တအာင်းတပ်နဲ့  RCSS ရှမ်းတပ်ဖွဲ့တို့ သီတင်းပတ် တပတ်နီးပါး တိုက်ပွဲဖြစ်နေတာကြောင့် တချို့ရွာသားတွေ ပိတ်မိနေသလို တချို့က ထွက်လာနိုင်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် တော့ဖေကျေးရွာနဲ့ ကွန်ကောက်ရွာမှာ စားဝတ်နေရေးနဲ့ လုံခြုံရေးအခက် အခဲဖြစ်နေတဲ့ ရွာသားပေါင်း ၂၅၀ ကျော်ကို ကူညီကယ်ထုတ်ဖို့ မနေ့က ပရဟိတအဖွဲ့ပေါင်းစုံက ကား ၁၂ စီးနဲ့ သွားကြိုပေမယ့် တိုက်ပွဲရှိနေတာကြောင့် လမ်းခုလတ်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ကွန်ကောက်ကျေးရွာအုပ်စု အုန်းဝီးရွာက ရွာသား ၁၀၀ ကျော်ကတော့ မန့်ခေါက်ကျေးရွာဘက်ကို တိမ်းရှောင်လာတယ်လို့  ကျောက်မဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဒီဗွီဘီကို ပြောပါတယ်။ “မန့်ခေါက်ကျေးရွာဘက်ကို ကွန်ကောက်အုပ်စု အုန်းဝီးရွာသား ၁၀၀ ကျော် ရောက်လာတယ်လို့ ကျနော်တို့ဆီ အကြောင်းကြားလာပါတယ်ခင်ဗျ။ မန့်ခေါက်ဘုန်းကြီးကျောင်းမှာ ရောက်နေပြီတဲ့။ အဲဒါ သူတို့ကို လိုအပ်တဲ့ အကူအညီပေးဖို့ ကျနော်တို့ဆီက လူမှုကူညီရေးအဖွဲ့တွေ သွားနေကြပါတယ်။ သူတို့ ဆန္ဒရှိရင် ပိုပြီးအဆင်ပြေစေမယ့် မိုင်းငေါ့ရွာဘက်ကို လာဖို့   ဒါမှမဟုတ် ကျောက်မဲကိုလည်း လာနိုင်တယ်လို့ ကျနော် မှာလိုက်ပါတယ်။ အဲဒီနေရာက ကျောက်မဲမှာ ကျနော်တို့ပါတီက လူရှိတယ်၊ နီးလည်းပိုနီးတော့ ထောက်ပံ့ကူညီရေး ပိုလွယ်တာပေါ့နော်။ ဒါပေမယ့် သူတို့ ရောက်ပြီလား၊ မရောက်သေးဘူးလားဆိုတာ ဖုန်းအဆက်အသွယ် မရသေးဘူးခင်ဗျ။” ကျောက်မဲမြို့ မြောက်ဘက် နမ့်ဆိမ်ချောင်း တဖက်ကမ်း ၁၃ မိုင်လောက်အကွာမှာ ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ကစ တီအန်အယ်လ် နဲ့ အာရ်စီအက်စ်အက်စ် တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ဒီကနေ့မနက်စောစောမှာလည်း ၀မ်ကန်ရွာဘက်မှာ သေနတ်သံတွေ ကြားနေရတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီဘက်မှာ ကျေးရွာစုစုပေါင်း ၁၃ ရွာရှိပြီး  တိုက်ပွဲဖြစ်တဲ့နေ့ကစ လက်နက်ကြီးထိမှန်လို့ တော့ဖယ်ရွာမှာ နေအိမ် ၁၂ လုံးမီးလောင်ပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း၊  ရွာသား ၁ ဦးမှာလည်း ပျောက်ဆုံးနေတယ်လို့ စိုင်းထွန်းဉာဏ်က ပြောသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024