ဗြိတိန်က သံတမန်များနှင်ထုတ်မှုအပေါ် ရုရှားအစိုးရ တုံ့ပြန်မည်

ဓာတ်ပုံ - ရိုက်တာ
ရုရှားအစိုးရက သံတမန်တွေ နှင်ထုတ်ခံရမှုကို တုံ့ပြန်မယ်လို့ ပြောပေမယ့် မော်စကို မြို့ခံတွေကတော့ အနောက်ဥရောပနဲ့ ပြန်လည်ပေါင်းစည်းရေး ဆော်သြနေပါတယ်။ ရုရှားသံတမန်တွေကို နှင်ထုတ်တဲ့ ဗြိတိန်အစိုးရရဲ့ လုပ်ရပ်အတွက် ရုရှားက မြန်မြန်ဆန်ဆန် အဖြေပြန်ပေးမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က မော်စကိုမြို့တော်မှာ ကျင်းပတဲ့ လူငယ်ဖိုရမ်မှာ မတ်လ ၁၅ ရက်နေ့က ပြောပါတယ်။ ဗြိတိန်အစိုးရဟာ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းနည်းနဲ့ ပြုမူဆောင်ရွက်ခဲ့တယ်၊ လာမယ့်နှစ် ဥရောပသမဂ္ဂကနေထွက်ဖို့ ပြင်ဆင်ထားလို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့် တစိတ်တပိုင်း ပါနိုင်တယ်လို့လည်း သူက စွပ်စွဲပြောဆိုပါတယ်။ နှစ်ဖက်ချွန်သူလျှိုဟောင်း ဆာဂီဆက်ခရီပေါလ်ကို အဆိပ်နဲ့လုပ်ကြံရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ရုရှားအစိုးရက ငြင်းပါတယ်။ ဒီလုပ်ရပ်ကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီး ဗြိတိန်ကတော့ ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့ပါတယ်။ အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲအနေနဲ့ မော်စကိုဒေသခံတွေကြား အမြင်တွေ ကွဲပြားနေပါတယ်။ တချို့ကတော့ ရုရှားအစိုးရဟာ ဗြိတိန်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ နည်းလမ်းရှာသင့်တယ်လို့ ပြောပါတယ်။ တချို့ကတော့ ရုရှားအစိုးရဟာ ကျူးကျော်ရန်စမှုတွေမှာ မပါသင့်ဘူး၊ ဂုဏ်သိက္ခာအပြည့်နဲ့ ပဋိပက္ခတွေကနေ ထွက်သွားသင့်တယ်လို့ ပြောပါတယ်။ ဗြိတိန်အစိုးရကတော့ ရုရှားသံတမန် ၂၃ ယောက်ဟာ သံတမန်မျက်နှာဖုံးအောက်ကနေ သူလျှိုလုပ်နေခဲ့တယ်၊ သီတင်းတပတ်အတွင်း လန်ဒန်က ထွက်ခွာသွားရမယ်လို့ ပြောပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမြေပေါ်မှာ အာရုံကြောအဆိပ်ကိုသုံးတာ ပထမဆုံး လူသိတဲ့လုပ်ရပ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ရုရှားကတော့ အဆိပ်ခတ်မှုနဲ့ ဘယ်နေရာမှ ပတ်သက်မှုမရှိဘူးလို့ ပြောဆို ငြင်းဆန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up