Home
မြန်မာသတင်း
တပ်မတော်နှင့် ကေအန်အယ်လ်အေ တိုက်ပွဲဖြစ်၊ ကေအန်အယ်လ်အေတပ်စခန်း ဖျက်ဆီးခံရ
နော်နိုရင်း
·
March 16, 2018
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲ ၀ါသိုးခို နဲ့ မယ်ထီခီးရွာကြားက အေအန်အယ်လ်အေတပ်ရင်း ၁၀၂ လက်အောက်ခံ တပ်ခွဲ ၃ တပ်စခန်းမှာ မနေ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားပြီး အဲဒီစခန်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကေအန်ယူက ပြောပါတယ်။ “အဲဒီမှာတိုက်ပွဲဖြစ်ပြီးတော့ ကေအန်အယ်လ်အေက ရှောင်ပေးတယ်။ ရှောင်ပေးတော့ သူတို့စခန်းရတော့ စခန်းတွေကို အကုန်လုံး မီးရှို့ပစ်တယ်။ ပြီးတော့ ပြန်ဆုတ်သွားကြတယ်။”  လို့ ကေအန်ယူ ဖာပွန်ခရိုင် ဥက္ကဋ္ဌ ပဒိုစောထဲဒယ်က ပြောပါတယ်။ ဖြစ်စဉ်မှာ အစိုးရ တပ်မတော်တပ်ရင်း ခမရ ၂၀၃ ဘက်က အထက်အမိန့်အရဆိုပြီး ဒေသခံ ရွာသားတွေကို သွားရောက်ကူညီမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကေအန်အယ်လ်အေကို အကြောင်းကြားခွင့်တောင်းခဲ့ပါတယ်။ ကေအန်အယ်လ်အေဘက်က သတ်မှတ်နယ်မြေဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့ပေမယ့် အစိုးရတပ်ဘက်က အင်အားနဲ့ တက်လာတဲ့အတွက် ကေအန်ယူတပ်ခွဲ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပဒိုစောထဲဒယ်က ပြောပါတယ်။ “သူတို့လာဖို့တောင်းဆိုလာတဲ့အပေါ်မှာ ကျနော်တို့တပ်ကလည်း ပြန်ပြီးအကြောင်းကြား တယ်၊ မလာပါနဲ့လို့ လူလွှတ်ပြီး အကြောင်းကြားတာလည်းရှိတယ်။ ကိုယ်စားလှယ်ထားတဲ့ ဆက်ဆံရေးအဖွဲ့ သွားပြောတယ်။ နောက်ပြီး ဒေသခံ JMC အဖွဲ့တွေက သူတို့ကို သွားပြော တယ်။ မလာနဲ့လို့ တားကြောင်း၊ ဒါပေမယ့် သူတို့က အထက်က အမိန့်အရ လာရမယ်ပဲဆိုပြီး တော့ ဘယ်လောက်ပဲတားတားလာတယ်။ အပစ်ခတ်ရပ်စဲရေးကာလ ယုံကြည်မှု တည်ဆောက် နေတဲ့အချိန်မျိုးမှာ ဒီလိုမဖြစ်သင့် မဖြစ်ထိုက်တဲ့ အပြုအမူတွေတော့ မလုပ်ပါနဲ့လို့ တားပေမယ့်လည်း သူတို့က လာကြတာလေ။ လာတော့ သူတို့က တပ်စခန်းရဲ့ တံခါးဝမှာ မဟုတ်ဘဲ ချုံပုတ်မှာ တိုးပြီးတော့ လာတဲ့အတွက် ကျနော်တို့ လူကလည်း မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ စပြီး တိုက်ပွဲဖြစ်ပွားတောပေါ့။” တိုက်ပွဲကြောင့် ကေအန်အယ်လ်အေဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုအခြေနေနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကစပြီးတော့ ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသမှာ ကားလမ်းဖောက်ဖို့ဆိုပြီး အစိုးရတပ်က အင်အားအလုံးအရင်းတိုးချဲတဲ့အတွက် ကေအန်အယ်လ်အေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို ဒေသခံ ကျေးရွာ ၁၄ ရွာက လူပေါင်း ၂၀၀၀ နီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခုချိန်ထိလည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေ အိမ်မပြန်ရဲသေးသလို စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ လတ်တလော ဖာပွန်ခရိုင်အတွင်းဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုနဲ့ပတ်သက်ပြီးတော့လည်း ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက သူတို့ထိန်းချုပ်ဒေသက စစ်တပ်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်တောင်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024