မူးယစ်ဆေးထိန်းချုပ်ရေး စိန်ခေါ်မှုများရှိနေ၊ နိုင်ငံတကာအကူ အရေးကြီးဟု ပြည်ထဲရေးပြော
DVB
·
March 16, 2018
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာ ထိန်းချုပ်နိုင်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေပြီး ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းဝိုင်းရဲ့ ကူညီပံ့ပိုးမှုက အရေးကြီးကြောင်း ပြည်ထဲရေး ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ကျင်းပနေတဲ့ မူးယစ်ဆေးဝါးကော်မရှင် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာအား ထိန်းချုပ်နိုင်ရေး အခြားနိုင်ငံတွေနည်းတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေတယ်၊ ကမ္ဘာ့ကုလသမဂ္ဂ ရဲ့ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒတခုကို ရေးဆွဲအတည်ပြုခဲ့ပြီး မူဝါဒအကောင်အထည်ဖော်ဆောင်ရာမှာ ထိရောက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်ဆေးဝါးဥပဒေကိုလည်း ပြင်ဆင်ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ ကျဆင်းခဲ့သလို မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေကို တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့ပေမယ့် စိန်ခေါ်မှုများရှိနေသေးပြီး စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပံ့ပိုးမှုဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးပြဿနာ လျော့ကျစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ မတ် ၁၂ ကနေ ၁၆ ရက်အထိ ကျင်းပနေတဲ့ မူးယစ်ဆေးဝါးကော်မရှင် အစည်းအဝေးကို တက်ရောက်နေတာဖြစ်ပါတယ်။