Home
မြန်မာသတင်း
မြစ်သားမြို့က စောလူမင်းကျောက်စာ ပုဂံခေတ် အစောဆုံးမှတ်တမ်းဟု ပညာရှင်ပြော
DVB
·
March 15, 2018
  မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် ၁၁ လမ်းမှာရှိတဲ့ ပေတောပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ တွေ့ရှိခဲ့တဲ့ စောလူမင်းကျောက်စာက ပုဂံခေတ်ရဲ့ အစောဆုံးသမိုင်း မှတ်တမ်းတခု ဖြစ်တယ်လို့ မတ်လ ၁၄ ရက်နေ့က ရှေးဟောင်းပညာရှင် တမ္ပဝတီဆရာဦးဝင်းမောင်က ပြောပါတယ်။ “ဒီကျောက်စာကို ကျနော်ပဲ ဖော်ထုတ်ပေးခဲ့တယ်။ မြန်မာသက္ကရာဇ် ၄၄၁ မှာ စောလူးမင်း မြစ်သားရောက်လာတယ်၊ ဂူဘုရားတည်ပြီး အလှူအတန်း လုပ်ခဲ့တာကို ရေထိုးထားတာပါ။ ပျူအက္ခရာ ပျူဘာသာ၊ မွန်အက္ခရာ မွန်ဘာသာ၊ ဒေဝနာဂရီအက္ခရာ သက္ကတဘာသာ၊ ကဒံဗအက္ခရာ ပါဠိဘာသာ မြန်မာဘာသာတွေနဲ့ ရေထိုးထားတဲ့ ကျောက်စာပါ ပုဂံခေတ်မှာ အနော်ရထာဘုရင်ရဲ့ ကျောက်စာရှိတယ် ပြောကြပေမယ့် လက်တွေ့မပြနိုင်သေးဘူး။ ကျန်စစ်သားမင်းကြီး နတ်ရွာစံခါနီးမှာ ရေထိုးခဲ့တဲ့ မြစေတီကျောက်စာ ရှိတယ်။ အခုကျောက်စာက စောလူးမင်းလက်ထက်ဆိုတော့ မြစေတီကျောက်စာထက် ပိုစောတာပေါ့၊ ပုဂံခေတ်ရဲ့ အစောဆုံး သမိုင်းအထောက်အထားတခုပေါ့" လို့ ဆက်ပြောပါတယ်။ မြစ်သားပေတောပရဟိတကျောင်းဆရာတော် ဘဒ္ဒန္တဥာဏဓဇက "နိုင်ငံခြားသားတွေ စာတမ်းရေးတဲ့ ကျောင်းသားတွေ ခဏခဏလာပြီး လေ့လာကြတယ်။ ရုပ်သံဌာနတွေကလည်း မှတ်တမ်းလာရိုက်ကြတယ်။ မင်းကွန်းသီတဂူဆရာတော်ကြီး ဦဉာဏိဿရလည်း ကြွလာတယ်" လို့ မိန့်ပါတယ်။ ၁၁ ရာစု ပုဂံခတ်ရဲ့ အစောဆုံးကျောက်စာဖြစ်ပြီး မျက်နှာပြင် ၂ ဖက်လုံး ရေထွင်းထားပြီး အပိုင်း ၅ ပိုင်း ကျိုးနေပြီး ၄ ပိုင်းတွေ့ထားပါတယ်။ အမြင့် ၅ ပေ အကျယ် ၃ ပေခွဲ လောက်ရှိပြီး ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ၊ ဂျွမ်း ဘာသာ ၅ မျိုးနဲ့ ရေထိုးထားတဲ့ ကျောက်စာတချပ်ဖြစ်ပါတယ်။ ဂူဘုရားတဆူတည်ပြီး ရွှေဆင်းတု ၂ဆူ ဌာပနာ ထည့်သွင်းပါတယ်။ လယ်ပယ် ၁၀၀၊  နွား ၁၀ ရှဉ်း၊ ကျွန် ၁၀ယောက် စပါး ၁၀၀၀ ဘုရားကို လှူခဲ့တဲ့ စောလူးမင်းရဲ့ အလှူမှတ်တမ်းရေးထိုးထားတဲ့ ကျောက်စာတချပ်ဖြစ်ပြီး ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်သိမ်းထားကြောင်းလည်း သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024