မြန်မာလူငယ်များ ခိုက်ရန်ဖြစ်ခဲ့သည့် ဘန်ကောက်ကုန်တိုက်ကြီး လုံခြုံရေးတင်းကျပ်
DVB
·
March 15, 2018
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် Big C လတ်ဖရော့တ်ကုန်တိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာတိုင်းရင်းသားလူငယ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကုန်တိုက်လုံခြုံရေး တင်းကျပ်ထားတယ်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ပြောပါတယ်။
ချုတ်ချိုင်းရဲစခန်းအပိုင်နယ်မြေ ဖြစ်တဲ့ Big C လတ်ဖရော့တ်ကုန်တိုက်ထဲမှာ နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့် ဗီဇာသက်တမ်းတိုးတဲ့ဌာန ဖွင့်လှစ်ထားလို့ ရွှေ့ပြောင်းအလုပ်သမားများစွာ ဝင်ထွက်သွားလာတဲ့ နေရာတခုဖြစ်ပါတယ်။
မတ် ၁၁ ရက်နေ့က မြန်မာနိုင်ငံသား လူငယ်တွေ ခိုက်ရန်ဖြစ်ပြီး အများပြည်သူပိုင်ပစ္စည်းပါ ထိခိုက်မှုရှိတာကြောင့် လက်ရှိ ကုန်တိုက်လုံခြုံရေးဝန်ထမ်းပါ တိုးမြှင့်ချထားပြီး ကုန်တိုက်ကို ရောက်လာတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို စစ်ဆေးမယ်လို့ ချုတ်ချိုင်းနယ်မြေရဲစခန်း စခန်းမှူး နိုင်းဖစ်ခ်ျခန်းကျရွန်းမှ သတင်းထောက်ကို ပြောပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ အဓိက နေထိုင်ခွင့် အထောက်အထား၊ မှတ်ပုံတင်ကတ်တွေကို ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်က စစ်ဆေးမှာဖြစ်ကြောင်း၊ ချွန်ထက်တဲ့ လက်နက်တွေ ပါလာတယ်ဆိုရင် ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် ကုန်တိုက်ကနေ ချက်ချင်း ထွက်သွားခိုင်းမယ်လို့ ရဲစခန်းက ဆက်ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့ ဖြစ်စဉ်ကို ကုန်တိုက်ထဲရှိ ဆိုင်ပိုင်ရှင်က အုပ်စုနှစ်ဖက်လိုဖြစ်တဲ့ မြန်မာလူငယ် ၁၀၀ လောက်ဟာ စက်လှေခါးနားမှာ အချင်းများတာဖြစ်ပြီး ရန်စောင်ထွက်ပြေးရင်း သုံးလွှာမှာရှိတဲ့ သူ့ဆိုင်က မှန်ကို ဝင်တိုက်ခဲ့ကြောင်း၊ မှန်ကွဲသွားလို့ ဘတ် ၁ သောင်း အလျော်တောင်းခဲ့တယ်လို့ ပြောကြောင်း ချန်နယ်လ် ၇ မှာ ဖော်ပြပါတယ်။
တခြားဈေးဆိုင်ရှင်တဦးကလည်း မြန်မာလူငယ်တွေဟာ အပေါ်ဆုံး ၇ ထပ်မှာလာပြီး စကိတ်စီးတာ၊ ဘိုးရင်းပစ် ကစားတာတွေ လုပ်လေ့ရှိကြောင်း၊ တချို့က မူးယစ်သောက်စားပြီး ရန်ဖြစ်လေ့ရှိကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ လာပြီးထိခိုက်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
အဲဒီနေ့က ကုန်တိုက် အလွှာ ၃ မှာ မြန်မာလူငယ် ၄ ဦးကို ရဲက ဖမ်းဆီးခဲ့ပြီး နိုင်ငံကူးလက်မှတ်၊ အထောက်အထား ပြည့်စုံတာနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဗွီဘီမှာ ဘာသာပြန်ဖော်ပြခဲ့ဖူးတဲ့ workpoint သတင်းမှာတော့ လူငယ် ၅ ဦးကို ရဲစခန်းက ခေါ်ယူမေးမြန်းပြီး အချင်းချင်း ကျေအေးတဲ့အတွက် အမှုဖွင့်ခြင်း မရှိကြောင်း၊ မှန်ကွဲတဲ့အတွက် လျော်ကြေး ၅ ထောင် ပေးလိုက်ရတယ်လို့ ဖော်ပြသွားပါတယ်။