၃ နှစ်ကလေးကို ဆေးလိပ်သောက်သင်သည့် ဖခင်အား ဖမ်းဆီး (ရုပ်သံ)

ဓာတ်ပုံ - CEN
သုံးနှစ်အရွယ် သားဖြစ်သူကို ဆေးလိပ်သောက်တတ်အောင် သင်ကြားခဲ့တဲ့ ဖခင် အမျိုးသားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက် သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆော်ဒီအာရေဗျနိုင်ငံမှာ ဖြစ်ခဲ့ပြီး မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖခင်ဖြစ်သူ အမျိုးသားဟာ ကလေးငယ်ကို သူ့ပေါင်ပေါ်မှာ တင်ထားခဲ့တာကို တွေ့ရပါတယ်။ မီးညှိထားတဲ့ ဆေးလိပ်ကို ကလေးရဲ့ပါးစပ်ဆီ တေ့ပေးပြီး သောက်စေခဲ့ချိန်မှာတော့ ကလေးငယ်ဟာ ဆေးလိပ်ငွေ့တွေနဲ့ မွှန်ထူသွားပြီး ချောင်းတွေဆိုးနေတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာတော့ ဖခင်ဖြစ်သူရော သူနဲ့အတူရှိနေသူ အမျိုးသားတဦးကပါ ရယ်မောခဲ့ကြတာကို တွေ့ရပါတယ်။ အချိန် ၁၀ စက္ကန့်သာကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး နောက်မှာတော့ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ ဆော်ဒီရဲတွေဟာ ဒီအမျိုးသားကို ဖမ်းဆီးအရေးယူဖို့ အမိန့်ထုတ်ခဲ့ကြပြီးနောက်မှာတော့ သူ့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မေရာသတင်းမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဇိုင်ယက်ဒ် အယ်လ်ရီကိုင်တီကတော့ အဲဒီအမျိုးသားဟာ အသက် ၂၀ ဝန်းကျင်ရှိတဲ့ ကလေးရဲ့ဖခင်ဖြစ်ပြီး ခုလို အပြုအမူအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ကလေးအထူးကုဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ လီနာဘာနဝီကတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဆေးလိပ်သောက်စေခြင်းက မှားယွင်းတဲ့ အယူအဆဖြစ်ပြီး မကောင်းတဲ့ ကျန်းမာရေးအကျိုးဆက်တွေ ဖြစ်လာစေနိုင်တယ်လို့ ပြောလိုက်ပါတယ်။ “ဒီအိုင်ဒီယာက လုံးဝကို မှားနေပါတယ်။ သိပ္ပံဘာသာ အခြေခံမှာလည်း ဒါမျိုးမရှိပါဘူး။” ဥပဒေပညာရှင် ဂါရော့ဘ်ကတော့ အဲဒီအမျိုးသားဟာ ဒဏ်ကြေးအများကြီး ပေးဆောင်ရမှာဖြစ်ပြီး ထောင်ဒဏ်တောင် ကျခံရစေနိုင်တယ်လို့ ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up