ရေနစ်သေသွားသည့်သခင်ကို တူးမြောင်းဘေးတွင် စောင့်နေခဲ့သည့် သစ္စာရှိခွေးကလေး

ဓာတ်ပုံ - TNews
1.2K
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အပြင်ဘက် တူးမြောင်းဘေးမှာ အမျိုးသားတဦးရဲ့ အလောင်းကို ကယ်ဆယ်ရေးတွေ မတ်လ ၁၁ ရက် ညနေက ဆယ်ယူချိန် သေဆုံးသွားတဲ့ သူ့သခင်ကို ခွေးလေးတကောင်က စိတ်ရှည်လက်ရှည် စောင့်နေခဲ့ပါတယ်။
စမွတ်စခွန်ခရိုင်က ပါစီချရွန်း တူးမြောင်းဘေးမှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားရဲ့ဖိနပ်ကို အိမ်နီးချင်းတွေက မြောင်းဘေးမှာတွေ့ပြီး ဒီလူ မြောင်းထဲပြုတ်ကျသွားတာဖြစ်မယ်လို့ ယူဆကာ ကယ်ဆယ်ရေးတွေကို ခေါ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီအမျိုးသားကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်တင်နေချိန်မှာ ရေထဲပြုတ်ကျသူရဲ့ ခွေးလေးလည်း ရေထဲကနေ သခင်ပေါ်အလာကို စိတ်ရှည်ရှည် စောင့်နေခဲ့တာပါ။
အဲဒီအမျိုးသားဟာ စုမ်ချိုင်ပူစူဝန်ဆိုသူ ထရပ်ကားမောင်းသမားတဦးဖြစ်ပြီး သူ့အလောင်းကို ရှာတွေ့ဖို့ မိနစ် ၃၀ ကြာခဲ့တယ်လို့ တီနယူးစ်သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စုမ်ချိုင်ရဲ့ အစ်ကိုဖြစ်သူက မတ်လ ၁၀ ရက်ညက သူနဲ့ နောက်ဆုံး စကားပြောခဲ့ကြတယ်လို့ဆိုပြီး အိမ်နီးချင်းတွေကတော့ သူ့ကို အဲဒီနေ့ကတည်းက မတွေ့တော့ဘူးလို့ ပြောပါတယ်။
စုမ်ချိုင်ဟာ ငှားထားတဲ့အိမ်မှာ တဦးတည်းနေပြီး ရက်ရောသဘောကောင်းတဲ့လူ ဖြစ်ပေမယ့် တခြားခရိုင်မှာနေတဲ့ ဇနီးနဲ့ ကလေးတွေကို လွမ်းပြီး ညတိုင်းလိုလို အရက်သောက်တတ်တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။
မြောင်းဘေးမှာ စုမ်ချိုင်ရဲ့ခွေးလေးနဲ့ သူ့ဖိနပ်ကို တွေ့ပြီး အိမ်နီးချင်းတွေက ကယ်ဆယ်ရေးကို ခေါ်ခဲ့ကြတာပါ။
စုမ်ချိုင် အရက်မူးပြီး မြောင်းထဲပြုတ်ကျတာလို့ အိမ်နီးချင်းတွေက ယူဆနေကြပြီး သူ့အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ရာဇဝတ်မှု ဆေးဘက်ဆိုင်ရာဌာနကို ပို့လိုက်ပါတယ်။
သနားစရာခွေးလေးကိုတော့ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေက ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်လို့ ကိုကိုးနပ်စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။