သိမ်းဆည်မြေ ဧက ၆၀၀ ကျော်ကို ရှမ်းတောင်သူများထံ ဒုသမ္မတ ပြန်လည်ပေးအပ်

  ကာကွယ်​​ရေးဝန်​ကြီးဌာနက အစိုးရထံ ပြန်​လည်​အပ်​နှံတဲ့ ​မြေယာ ၁၉၆၉ ဧကထဲက ဧက ၆၀၀ ကျော်ကို နိုင်​ငံ​တော်​ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ​​က ရှမ်းပြည်​နယ်​ ​တောင်​ပိုင်းရှိ မူလပိုင်​ရှင်​​​တောင်သူ​တွေကို မတ်​လ ၁၄ ရက်​နေ့က ​တောင်​ကြီးမြို့ မြို့တော်​ခန်းမမှာ ပြန်​လည်​လွှဲပြောင်း​ပေးအပ်​ခဲ့ပါတယ်​။ အဓိက တပ်​မ​တော်​ သိမ်းထားတဲ့​မြေယာဖြစ်​တဲ့ ရပ်​​စောက်​မြို့နယ်​နဲ့ ဖယ်​ခုံမြို့နယ်တို့က လယ်မြေဧကတွေကို ပုံစံ-၃ ယာယီ ပြန်​လည်​လုပ်​ပိုင်​ခွင့်နဲ့ လွှဲပြောင်း​ပေးတာ ဖြစ်​ပါတယ်​။ ပြန်​လည်​စွန့်​လွှတ်​ပြီး ရရှိလာတဲ့​ မြေယာတွေကို ​တောင်​သူ​တွေအ​နေနဲ့ လယ်​ယာစိုက်​ပျိုး​ရေးအတွက် အကျိုးရှိ​အောင်​ အသုံးချဖို့ ဒုသမ္မတ ဟင်​နရီဗန်​ထီးယူက တိုက်​တွန်းခဲ့ပါတယ်​။ “ဒီနေ့ တရားဝင် ပိုင်ဆိုင်ခွင့်နဲ့ ပြန်လည်လုပ်ပိုင်ခွင့် ရရှိကြတဲ့ တောင်သူများအနေနဲ့ မိမိတို့ဒေသခံများအကြိုက် ဆန်စပါးမျိုးတွေအပြင် ပြည်ပကို တင်ပို့နိုင်ဖို့အတွက် အရည်အသွေးမြင့် ဆန်စပါးမျိုးကို ရွေးချယ် စိုက်ပျိုးဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားချင်ပါတယ်။ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့မြှင့်တင်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေနဲ့ ပြန်လည်စွန့်လွှတ်ဖို့ ကျန်မြေတွေကို စွန့်လွှတ်ပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ပြန်လည်စွန့်လွှတ်မြေများကို လက်ခံရရှိတဲ့ တောင်သူလယ်သမားများအနေနဲ့ အကျိုးရှိရှိ ထိရောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ကိုလည်း ကြိုးစားပေးကြစေလိုပါတယ်။” ဖယ်​ခုံ၊ မိုးဗြဲ​မြေသိမ်းခံ ​တောင်​သူ ကိုယ်​စားလှယ် ကို​အောင်​မျိုးခန့်​က “ဝမ်းသာပါတယ်။ ကျနော်တို့ ဒီမြေတွေ ပြန်ရဖို့ ကြိုးစားလာတာလည်း ၅ နှစ်လောက်ရှိပြီ။ အပြည့်အဝတော့ ပြန်မရဘူးပေါ့နော်။ သူတို့ ပြန်စွန့်လွှတ်တဲ့ အနေအထားဖြစ်တဲ့အတွက် ဝမ်းသာ ဝမ်းနည်းလည်း ဖြစ်မိပါတယ်။ မြို့နယ်တခုလုံး အတိုင်းအတာဆိုရင်တော့ တပ်ပေါင်းက ၅ တပ်လောက် ရှိတယ်ဗျ။ ဧကပေါင်း ၆ ထောင်၊ ၇ ထောင်ကျော်လောက် ရှိတယ်။ လက်ရှိ ကျနော် ကိုင်တွယ်တဲ့ အမှုပေါင်းကတော့ ၄၂၂-တပ်ရင်းရဲ့ သိမ်းဆည်းမြေအမှုတွဲ အစိတ်အပိုင်းတခုလောက်ပဲ ကိုင်တွယ်ထားတာပါ။ ကျနော်တို့ တောင်းဆိုတာ ဧကပေါင်း ၅၀၀ ကျော်လောက်ပဲ။ ၃၀၀ ကျော်ကျော်လေးပဲ ပြန်ရရှိတာပါ။ ဧက ၁၅၀ ကျော်ကတော့ ဆက်ပြီးတောင်းဆိုနေဆဲပေါ့နော်။ အခု ပြန်စွန့်တဲ့မြေကို ကျနော်တို့ ရရှိပြီးပြီဆိုရင်တော့ စိုက်ပျိုးရေးအပိုင်းမှာ စပါးတွေ၊ ပြောင်းတွေ စိုက်ပျိုးကြမယ်။ တချို့ကတော့ ခြံမြေတွေ အားတော့မှ စိုက်ပျိုးကြမှာပေါ့” လို့ ပြောပါတယ်။ မတ်လ ၁၄ ရက်နေ့ လွှဲအပ်​ပွဲမှာ ရပ်​​စောက်​မြို့နယ်​၊ အင်​​တောမြို့၊ နန်း​ကောင်​မူ​ကျေးရွာ အုပ်​စုက အမှတ်​-၃၅၃ ​ခြေမြန်​တပ်​ရင်းမှ ​မြေဧက ၃၇၆ နဲ့ ဖယ်​ခုံမြို့နယ်​ မိုးဗြဲ​ကျေးရွာအုပ်​စုက ​ခြေမြန်​တပ်​ရင်း ​ခြေမြန်​တပ်-​၄၂၂ မှ ​မြေဧက ၃၇၇ ဒသမ ၇၃ ဧကအနက်​ ​မြေဧရိယာ ၂၄၆ ဒသမ ၄၈ ဧက အပါအ၀င် သိမ်းဆည်မြေယာတွေကို ပြန်​လည်​လွှဲပြောင်း​ပေးအပ်​ခဲ့​တယ်လို့ သိရပါတယ်​။ သတင်း - ခွန်​ရာဇာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up