နိုင်ပွဲကိုယ်စီဖြင့် ဘာစီနှင့် ဘိုင်ယန် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် နောက်ဆုံးလက်ကျန်ပွဲစဉ်အဖြစ် မနေ့ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
မနေ့က အစောပိုင်းပွဲစဉ်မှာ တူရကီကလပ် ဘီဆစ်တပ်ကို ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်က သုံးဂိုး တဂိုးနဲ့ ထပ်မံအနိုင်ရသွားတာပါ။ ပထမအကျော့ ဂျာမန်မြေမှာတုန်းကလည်း ဘိုင်ယန်မြူးနစ်ကပဲ ငါးဂိုးပြတ်နဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး တဂိုးနဲ့ နိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားတာ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ ပထမအကျော့က ဂိုးပြတ်အနိုင်ရထားပေမယ့် အခုပွဲမှာလည်း အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်း အပြန်အလှန်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အိမ်ရှင်အသင်းက အသာရခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဂိုးတွေကို ၁၈ မိနစ်မှာ အယ်လ်ကန်တာရာက တဂိုး၊ ၄၆ မိနစ်မှာ ဘီဆစ်တပ်ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိရာက တဂိုးနဲ့ ၈၄ မိနစ်မှာ တိုက်စစ်မှူး ဝက်ဂ်နာက တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘီဆစ်တပ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၅၉ မိနစ်မှာ ဆူဇာက သွင်းယူပေးခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ချဲလ်ဆီးတို့ ပွဲစဉ်မှာတော့ ဘာစီလိုနာက သုံးဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ချဲလ်ဆီးကွင်းမှာ တဂိုးစီ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး တဂိုးနဲ့ ဘာစီလိုနာ နောက်တဆင့် တက်ရောက်သွားတာပါ။ ဘာစီလိုနာဟာ တိုက်စစ်မှူး မက်ဆီ၊ ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ အင်နီယေစတာ စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့သလို ချဲလ်ဆီးကလည်း တိုက်စစ်မှူး ဂျရူး၊ ဟာဇက်၊ ဝီလျံ၊ ကန်တေး၊ ဖာဘရီဂတ်စ်တို့နဲ့ လူစုံ ပွဲထုတ်ခဲ့ပါတယ်။ ဘာစီလိုနာဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့်မှာတော့ ချဲလ်ဆီးက အနည်းငယ် အသာရခဲ့ပေမယ့် ကန်သွင်းချက်တွေ လွဲချော်ခဲ့လို့ ချဲလ်ဆီး နစ်နာခဲ့ရပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို ပွဲအစ ၃ မိနစ်နဲ့ ၆၃ မိနစ်မှာ တိုက်စစ်မှူး မက်ဆီက နှစ်ဂိုး၊ မိနစ် ၂၀ မှာ ဒမ်ဘီလီက တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး မက်ဆီကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up