Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ရေဆိုးပိုက်များ ၂၀၄၀ တွင် အသစ်ချထားမည်ဟု မြို့တော်ဝန်ပြော
ပိုင်စိုး
·
March 15, 2018
လာမယ့် ၂၀၄၀ ခုနှစ်မှာ ရန်ကုန်မြို့တွင်း မြို့နယ်တွေအတွက် လိုအပ်တဲ့ ရေဆိုးပိုက် အသစ်တွေ ချထားဖို့နဲ့ ရေဆိုးသန့်စင်စက်ရုံ တိုးချဲ့တာကို လုပ်ဖို့ရှိပြီး လက်ရှိမှာတော့ အင်္ဂလိပ်လက်ထက်က စနစ်ကိုပဲ အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။ မတ် ၁၄ ရက်နေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ  ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးရဲ့ မေးခွန်းကို မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖြေကြားခဲ့တာပါ။ “ရန်ကုန်မြို့အတွက် ဇုန် ၁၃ ဇုန် ခွဲခြားပြီး ဇုန် ၆ ဇုန်ကို ၂၀၄၀ ခုနှစ်မှာ မြို့တွင်း မြို့နယ်တွေအတွက် လိုအပ်တဲ့ ရေဆိုးပိုက်တွေကို လမ်းမကြီးနဲ့ နောက်ဖေးလမ်းကြားတွေမှာ အသစ်ချထား ဆောင်ရွက်ဖို့နဲ့ ရေဆိုးသန့်စင်စက်ရုံ တိုးချဲ့ဆောင်ရွက်တာတွေကို ပထမဦးစားပေး လျာထားပါတယ်။ အဲဒီလို လုပ်ဖို့အတွက် နိုင်ငံခြားက ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ငွေကြေးနဲ့ နည်းပညာ အကူအညီရရှိရေး ညှိနှိုင်းဆွေးနွေးနေပြီး မဆောင်ရွက်နိုင်သေးမီ ကာလမှာ လက်ရှိ စနစ်ဟောင်းကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေပါတယ်” လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။ ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရဲ့ မိလ္လာစွန့်ပစ်စနစ်ဟာ ၁၈၈၈ ခုနှစ်ကစပြီး မိလ္လာပြွန်စနစ်မှာ မြေဆွဲအားသုံး မိလ္လာပိုက်တွေ၊ လေဖိအားသုံး မိလ္လာပြွန်မကြီး၊ မိလ္လာတွန်းစက်အိုး ၃၅ လုံးနဲ့ လေမှုတ်စက်ရုံ ၂ ရုံကို သုံးပြီး ရေဆိုးသန့်စင်စက်ရုံမှာ သန့်စင်တာပါ။ သန့်စင်ပြီး အရည်ကြည်တွေကို မြစ်ထဲကို စွန့်ပစ်ပြီး မူလက လူဦးရေ ၄၀၀၀၀ အတွက် ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၃၀ ကျော် ကြာခဲ့ပြီ ဖြစ်တာကြောင့် အမှိုက်တွေနဲ့ ပိတ်ဆို့တာ၊ လျှံကျတာတွေ ဖြစ်သလို မိလ္လာလူဝင်ကျင်းတွေ နိမ့်ဆင်းတာနဲ့ အုတ်နံရံတွေ ပြိုကျတာလည်း ဖြစ်နေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ဒါကြောင့် ၂၀၄၀ ခုနှစ်အထိ တိုးတက်လာမယ့် လူဦးရေအတွက် လျာထားပြီး JICA (ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်နေရး အေဂျင်စီ) နဲ့ ပူးပေါင်းပြီး ရေဆိုးသန့်စင်စက်ရုံနဲ့ ရေဆိုး သယ်ပိုက်တွေကို ဇုန်အလိုက် ဆောင်ရွက်နိုင်ဖို့  Master Plan ရေးဆွဲထားသလို အသေးစိတ် လေ့လာဆန်းစစ်နိုင်ဖို့ ဂျပန်ကုမ္ပဏီတခုနဲ့ Mou ရေးထိုးထားတယ်လို့လည်း ပြောပါတယ်။ ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ နောက်ဖေးလမ်းကြားပေါင်း ၁၇၅ ခု၊ မိလ္လာတွန်းစက် ၃၅ ခု၊ မိလ္လာကန် ၂၀၁၄ ကန်နဲ့ မိလ္လာပိုက်လိုင်းအရှည်ပေ ၁၅၇၀၀၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။ Photo : Yangon Hluttaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024