Live
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲ ယာဉ်ရပ်နားခ ကောက်ခံနေမှု ရပ်ဆိုင်းတော့မည်
DVB
·
March 14, 2018
မကွေးတိုင်းဒေသကြီး မင်းဘူး စကုမြို့နယ်မှာ ကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် မော်တော်ယာဉ် ရပ်နားထိန်းသိမ်းခ ကောက်ခံနေမှုကို ဘုရားဖူးပြည်သူတွေ ရဲ့ဆန္ဒကို လိုက်လျောပြီး ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ ငဖဲမြို့နယ် NLD ပါတီဝင်တဦးဖြစ်တဲ့ ကိုကျော်သောင်းက “မတ်လ ၁၃ ရက်နေ့က ကိစ္စတခုနဲ့ ဝန်ကြီးချုပ်ဆီ သွားတာဗျ။ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မန်းရွှေစက်တော်မှာ ယာဉ်ဝင်ခ ကောက်ခံနေတာ တော်တော်တရားလွန်တယ်။ လေလံရထားတဲ့လူကို ပိုက်ဆံ ပြန်ပေးလိုက်ဖို့ ပြောလိုက်တယ်။၊ ရပ်သင့်တာပေါ့ဗျာ။ နှစ်တိုင်း တောင်းတယ်။ မနှစ်က မတောင်းဘူး။ မနှစ်က ကျနော်လည်း ရွှေစက်တော်ဂေါပက အဖွဲ့ဝင် လုပ်ခဲ့တယ်။ ဒီနှစ်က ပြန်တောင်းတယ်ဆိုတော့ မနှစ်က တနှစ်လေးပဲ ကင်းလွတ်ခွင့်ရတာပေါ့ဗျာ။ ကားဝင်ကြေးတို့ ဂိတ်ကြေးတို့ ဆိုတာ။ အဲတော့ ရွှေစက်တော် ပွဲတော်အတွင်း ဘုရားဖူးလာဖို့ ဝင်ကြေးပေးရသလို ဖြစ်နေတာပေါ့။ ဝန်ကြီးချုပ် ပြောတဲ့အတိုင်း တည်ရင် ကောင်းတာပေါ့၊ ညနေ ၃ နာရီလောက်က ဝန်ကြီးချုပ်က ပြောတာ။ ဘုရားဖူး ပြည်သူတွေ အကုန်ဝမ်းသာကြမှာပေါ့"လို့ ပြောပါတယ်။ မန်းရွှေစက်တော် ဈေးသည်တဦးဖြစ်တဲ့ ကိုမျိုးက ဒီသတင်းကြားရတာ အတိုင်းမသိ ဝမ်းသာမိကြောင်း ပြောပါတယ်။ “ဘုရားဖူး ပြည်သူတွေအတွက် သတင်းကောင်းတခုပဲလေ။ ပွဲတော်ကာလကလည်း ၁ လလောက်ပဲ ကျန်တော့တာ၊ ဝန်ကြီးချုပ်နဲ့ ဂေါပကအဖွဲ့ကို ကျေးဇူးတင်တယ်။" မန်းရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က "ခုတရက် နှစ်ရက်အတွင်း တရားဝင်းစာ ရောက်လာတဲ့နေ့က စပြီးရုပ်သိမ်းမှာဖြစ်ကြောင်း အသိပေးပါတယ် ခင်ဗျ။ ကျနော်တို့က ကောင်းမယ်ထင်လို့ အများသဘောတူ ဆုံးဖြတ်ပြီးတော့ လုပ်တဲ့ဟာပါ။ ပွဲတော်ပြီးဖို့လည်း ၁ လသာသာပဲ ကျန်ပါတော့တယ်။ ဒီမိုကရေစီခေတ်မှာ အများဆန္ဒ လိုက်လျောတာ ကောင်းပါတယ်။ ကိုယ်စီ တာဝန်ယူနိုင်ရင် ကောင်းတာပေါ့" လို့ ပြောပါတယ်။ မန်းရွှေစက်တော် ဘုရားပွဲတော်မှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခြေတော်ရာ နှစ်ဆူကို ဖူးမြော်နိုင်ပြီး မန်းချောင်းအတွင်း ရေကစား အပန်းဖြေတဲ့ ဘုရားဖူးပြည်သူများ အထူးစည်ကားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ သတင်း - မင်းထီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024