ကလေးမြို့နယ်အတွင်း တရက်တည်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား
DVB
·
March 13, 2018
ကလေးမြို့နယ်မှာ မတ်လ ၁၂ ရက်နေ့ တရက်တည်း မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု အသင့်တင့်ရှိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းက သိရပါတယ်။
နေ့လယ် ၂ နာရီခွဲမှာ ကလေးမြို့နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ နတ်ချောင်းရွာမှာ တကြိမ်နဲ့ ညနေ ၄ နာရီကျော်လောက်မှာ ကလေးမြို့နဲ့ ၁၆ မိုင်လောက်ဝေးတဲ့ နန်းဗဟိုရွာမှာ တကြိမ် တရက်တည်း မီးလောင်မှု ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ကလေးမြို့မရဲစခန်း တာဝန်ရှိ ရဲတပ်ဝင်တဦးက ပြောပါတယ်။
ကလေးမြို့ တောင်ဘက် နတ်ချောင်းရွာမှာဖြစ်တဲ့ မီစလောင်မှုက အိမ်ရှင်အဘွားအို ရေနွေးအိုးတည်ထားရာကနေ အိပ်ပျော်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ နတ်ချောင်းရွာသားတဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ်ငယ် ၂ လုံးနဲ့ ဆိုင်ကယ်ဝပ်ရှော့နဲ့ ပြုပြင်ဆဲ ဆိုင်ကယ်ဆယ်စီး မီးလောင်ကျွမ်းခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဒုတိယလောင်ကျွမ်းမှုကတော့ ကလေးမြို့ မြောက်ပိုင်း ၁၆ မိုင်ခန့်ကွာဝေးတဲ့ နန်းဗဟိုကျေးရွာက ဈေးဆိုင်တစ်ဆိုင်ဖြစ်ပြီး ညနေ ၄ နာရီကျော်မှာ လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးစက်အတွင်း ဓာတ်ဆီထည့်ရာက စတင်လောင်ကျွမ်း ခဲ့တာလို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှုကနေ မြေစိုက်ကပ်ကာနေအိမ် ၁ လုံးနဲ့ မီးစက် ၁ လုံး ဆုံးရှုံးခဲ့ပါတယ်။
ခုလို မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာတွေကြောင့် မီးပေါ့ဆသူ နတ်ချောင်းရွာနေ ဒေါ်နီနီနဲ့ နန်းဗဟိုရွာနေ ဒေါ်စီစီလွင်တို့ကို ကလေးမြို့ ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်