Home
မြန်မာသတင်း
သင်္ကြန်ရုံးပိတ်ရက် YBS ယာဉ်များပြေးဆွဲမှုအခြေနေ ကုမ္ပဏီများ၏ ပြောကြားချက်
စိုးမိုးအောင်
·
March 13, 2018
  သင်္ကြန်ရုံးပိတ်ရက်အတွင်း YBS ယာဉ်တွေကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိပြေးဆွဲမယ့် ကုမ္ပဏီတွေရှိသလို ယာဉ်အစီးရေနည်းတဲ့ ကုမ္ပဏီငယ်တချို့ မပြေးဆွဲနိုင်တာလည်း ရှိတယ်လို့ ပြောပါတယ်။ သင်္ကြန်ရုံးပိတ်ရက်ဖြစ်တဲ့ ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ကုမ္ပဏီတွေထဲမှာ ယာဉ်အစီးရေနည်းပြီး လိုင်းတစ်လိုင်းသာရှိတဲ့ ကုမ္ပဏီတွေ ရှိနေတာကြောင့် ပြန်လည်ပြင်ဆင်တာတွေလုပ်မှာဖြစ်လို့ ရပ်နားထားမယ်လို့ ဆိုပါတယ်။ “ကျနော်တို့က ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်မထွက်နိုင်ဘူးဗျ။ ကျနော်က ယာဉ်အစီးရေ လည်း နည်းတယ်။ ဘယ်လိုခေါ်မလဲ လိုင်းကလည်းနည်းတယ်။ လိုင်းကလည်း တစ်လိုင်းထဲ ရှိတာဗျာ။ တခြားသူတွေကြတော့ လိုင်းကလေးငါးခြောက်လိုင်းရှိတာ။ အဲဒီတော့ သူတို့က လှည့်လုပ်လို့ရတယ်။ ၂၀ ရာခိုင်နှုန်းလောက်ကတော့ ဥပမာ အကုန်လုံးထွက်စရာ မလိုဘူးလေ” လို့ YBS(၄၀)ယာဉ်လိုင်းပြေးဆွဲနေတဲ့ ရွှေလမ်းခင်းကုမ္ပဏီရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှာ ပြေးဆွဲနေတဲ့ YBS ၂၁ ယာဉ်လိုင်းကိုတော့ ၂၀ ရာခိုင်နှုန်းထွက်ဖို့ စီစဉ်ထားတယ်လို့ ကုမ္ပဏီဒါရိုက်တာဖြစ်သူ ဦးဇော်မင်းက ပြောပါတယ်။ ရန်ကုန်မြို့မှာ အရင်နှစ်သင်္ကြန်ရုံးပိတ်ရက်တွေမှာ မြို့တွင်းယာဉ်လိုင်းပြေးဆွဲမှုတွေ ရပ်နားထားတာဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်ကစပြီး YBS ယာဉ်တွေကို ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ စတင်ပြေးဆွဲခဲ့တာပါ။ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီအောက်မှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၅ လိုင်းထဲ ကနေ ၃၀ ရာခိုင်နှုန်းအထိပြေးဆွဲပေးသွားမှာဖြစ်လို့ ယာဉ်အစီးရေ ၁၀၀ လောက် သင်္ကြန်ပိတ်ရက်မှာ ထွက်ဖြစ်မယ်လို့ ကုမ္ပဏီရဲ့မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောပါတယ်။ အဲဒီနောက် Power Eleven ကုမ္ပဏီနဲ့ လူထုမိတ်တွေကုမ္ပဏီကို တာဝန်ယူထားတဲ့ ဦးတရုတ်လေး ကတော့ သူတာဝန်ယူထားတဲ့လိုင်းတွေကို ၃၀ ရာခိုင်နှုန်းအထိပြေးဆွဲပေးမယ်လို့ ဆိုပါတယ်။ အခုနှစ်သင်္ကြန်ရုံးပိတ်ရမှာ ရန်ကုန်မြို့အတွင်းကို YBS ယာဉ်အစီးရေ ၂၀ ရာခိုင်နှုန်း လောက်အထိပြေးဆွဲပေးဖို့ အစိုးရက ညွှန်ကြားထားတာပါ။ အဲဒီလို ညွှန်ကြားလိုက်တဲ့အပေါ် YBSကုမ္ပဏီတွေထဲမှာ ယာဉ်အစီးရေ အများဆုံးပြေးဆွဲနေတဲ့ YUPT ကုမ္ပဏီက ယာဉ်အစီးရေ ၂၀ ရာခိုင်နှုန်းပြေးဆွဲပေးမယ်လို့ ပြောပါတယ်။ “ကျနော်တို့ ဆွဲမယ့်ယာဉ်လိုင်းကြောင်းရဲ့ ဆွဲမယ့်ယာဉ်လိုင်းကြောင်းပေါ်မှာ ၂၀ ရာခိုင်နှုန်း ဆွဲမယ်လို့ တင်ပြတာ။ တချို့လိုင်းတွေက မဆွဲဘူး”လို့ YUPTကုမ္ပဏီက စီအီးအို ဦးမောင်မောင်လွင်က ပြောပါတယ်။ YBS (၂၃) ယာဉ်လိုင်းအနေနဲ့ မြို့တွင်းကို ၃၀ ရာခိုင်နှုန်းအထိ ပြေးဆွဲပေးမှာဖြစ်ပြီး အဝေးပြေးခရီးစဉ်တွေအတွက် ပုသိမ်မြို့နဲ့ ဟင်္သာတမြို့တွေအထိ ပြေးဆွဲသွားမယ်လို့ စံဝေလ အများပိုင်ကုမ္ပဏီက ဒါရိုက်တာဦးသန်းလွင်က ပြောပါတယ်။ ဒါ့အပြင် အမြင့်မြတ်ဆုံးသော အင်အားအများနှင့် သက်ဆိုင်တဲ့ကုမ္ပဏီကလည်း မြို့တွင်းကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း လောက်အထိ ပြေးဆွဲဖို့စီစဉ်ထားပြီး အဝေးပြေးခရီးစဉ်တွေအတွက်လည်း ယာဉ်ပိုင်ရှင်တွေဆီ စာရင်းတောင်းထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBSယာဉ်အစီးရေ(၅)ထောင်ကျော်ရှိနေပြီး ကုမ္ပဏီပေါင်း ၂၀ ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က ထုတ်ပြန်ထားပါတယ်။ အဲဒီယာဉ်တွေထဲက ၂၀ ရာခိုင်းနှုန်းလောက်အထိ သင်္ကြန်ရုံးပိတ်ရက်မှာ ပြေးဆွဲပေးဖို့ YRTAက ကုမ္ပဏီတွေကို ညွှန်ကြားထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024