Home
မြန်မာသတင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လက်နက်တပ်ပေးရေး ဆွေးနွေး
နေဖြိုးဝင်း
·
March 13, 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လက်နက်တပ်ပေးဖို့ ဒီနေ့ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ မတ်လ ၁၃ နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးတာမှာ ကရင်ပြည်နယ် မဲဆန္ဒနယ်က ဒေါ်နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုးက အခုလို ပြောတာပါ။ “ဥပဒေကြမ်းရဲ့ ပုဒ်မ ၁၆ ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေမှာ ပဏာမ စိစစ်ဆေးရေး အဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို အမြဲတမ်းအဖွဲ့တွေအဖြစ် လုံလောက်စွာဖွဲ့စည်း တာဝန် ပေးအပ်ခြင်း၊ ယင်းအဖွဲ့တွေကို လမ်းညွှန်ခြင်းနဲ့ ကြီးကြပ်ကွပ်ကဲခြင်းလို့ ပြင်ဆင်ချင်ပါတယ်။ ကျိုးကြောင်းပြအနေနဲ့ လုံလောက်တဲ့ ဝန်ထမ်းမရှိရင် စေ့စပ်သေချာအောင် စစ်ဆေးနိုင်မှာ မဟုတ်သလို အမြဲတမ်းအဖွဲ့အနေနဲ့ အားစိုက်ဆောင်ရွက်နိုင်မှ အချိန်ကြန့်ကြာတာ နည်းသွားမှာ ဖြစ်ပါတယ်။ ကော်မရှင်အတွက် လုံလောက်တဲ့ လက်နက်တပ်ဆင်ပေးဖို့ လိုအပ်ပါတယ်”လို့ ဆိုပါတယ်။ ဒီဥပဒေကို ပြင်ဆင်စရာမလိုတဲ့အထိ ပြည့်စုံသတက်ပြည့်စုံအောင် အခုကတည်းက ကြိုးစားဖို့လိုသလို အဂတိ လိုက်စားမှုတွေကို ပိုပြီးဖော်ထုတ်နိုင်ဖို့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း တိုးမြှင့်ပေးသင့်နိုင်မယ့် ဥပဒေပါအချက်တွေကို အသက်ဝင်အောင် အကောင်အထည် ဖော်ဖို့လိုတယ်လို့ ကချင်ပြည်နယ်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ပြောပါတယ်။ ဒီဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးထားပြီး ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဖို့ ဒီကနေ့ အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆုံးဖြတ်လိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024