နယ်စပ်ဖြတ်ကျော်၍ မလေးရှားသွားမည့် အိန္ဒိယအမျိုးသမီး ၂ ဦးကို တမူးတွင် ဖမ်းမိ
DVB
·
March 13, 2018
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ နယ်စပ်ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံ သွားရောက်မယ့် အိန္ဒိယ အမျိုးသမီး ၂ ဦးကို မတ် ၁၂ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။
တမူး ၄ မိုင် စစ်ဆေးရေးဂိတ်မှာ တမူးမြို့ဘက်က ကလေးဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးကို တားဆီးစစ်ဆေးစဉ်မှာ ရပ်တန့်မပေးဘဲ မောင်းပြေးခဲ့တဲ့အတွက် လိုက်လံ ဖမ်းဆီးရာ ရဲကင်းအလွန် ၆ ဖာလုံလောက်မှာ ဖမ်းမိခဲ့တာပါ။
ဆိုင်ကယ်မောင်းနှင်သူမှာ တမူးမြို့ ရန်ငြိမ်းအောင်ကျေးရွာနေ ဝင်းနိုင်ဦး ခေါ် ဖိုးသား ဆိုသူဖြစ်ပြီး ခိုးဝင်လာသူတွေကတော့ အိန္ဒိယနိုင်ငံ၊ ထရီပူရ်ပြည်နယ်၊ ဆိုနူမူရာမြို့နေ အမျိုးသမီး ၂ ဦးဖြစ်တဲ့ Deen Kish Shani (၁၇-နှစ်)နဲ့ အစ်မဖြစ်သူ Mustra Kumar (၁၉-နှစ်) တို့ ဖြစ်ပါတယ်။
ဝင်းနိုင်ဦး(ခ)ဖိုးသားဟာ အဲဒီအိန္ဒိယအမျိုးသမီး ၂ ဦးကို ကျပ်ငွေ ၅၀၀၀၀ နဲ့ ခမ်းပတ်မြို့ကို လိုက်ပို့ပေးမှာ ဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ အဲဒီအမျိုးသမီး ၂ ဦးဟာ ခမ်းပတ်မြို့မှာ လာရောက်ခေါ်ယူသူတွေနဲ့ မလေးရှားနိုင်ငံကို ဆက်လက်ထွက်ခွာဖို့ ဖြစ်တယ်လို့ သိရှိရပါတယ်။
တာဝန်ရှိ ရဲအရာရှိတဦးက “တမူးမြို့မှာ အရင်က အခုလို ခိုးဝင်တာတွေ တွေ့ရလေ့မရှိဘဲ အခုမှ ရှားရှားပါးပါး ဖမ်းမိခဲ့တာဖြစ်တယ်။ အဲဒီခိုးဝင်လာသူတွေကို သက်ဆိုင်ရာက လူဝင်မှု ကြီးကြပ်ရေးဥပဒေတွေနဲ့ အမှုဖွင့် အရေးယူသွားမယ်”လို့ ပြောပါတယ်။
သတင်း - ဂေါင်ဂေါင်