Home
မြန်မာသတင်း
နိုင်ငံတကာ ပါလီမန်ညီလာခံ၏ ရခိုင် ဆုံးဖြတ်ချက် မြန်မာ ကန့်ကွက်
DVB
·
March 13, 2018
နိုင်ငံတကာ ပါလီမန်များ ညီလာခံက အတည်ပြုခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ဆုံးဖြတ်ချက်တခုလုံးကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။ မတ် ၁၂ ရက် ပြည်ထောင်စုလွှတ်တော်မှာ  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ၁၃၇ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံ (137th IPU Assembly) တက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ပြရင်း ကန့်ကွက်ခဲ့ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၃၇ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံမှာ OIC အဖွဲ့ဝင် မော်ရိုကိုနိုင်ငံ အပါအဝင် ၈ နိုင်ငံက ရခိုင်ပြည်နယ်နဲ့ဆိုင်တဲ့  အကြောင်းအရာကို တင်သွင်းပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာပါလီမန်များညီလာခံ တက်ရောက်ခဲ့တဲ့ မျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းခြင်း ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဆောင်ရွက်နေမှု အခြေအနေကိုလည်း ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ သိရှိစေဖို့ ချက်ချင်း တုံ့ပြန်ရှင်းလင်း ပြောကြားခဲ့တယ်လို့လည်း ဦးတီခွန်မြတ်က ပြောပါတယ်။ ၁၃၇ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံမှာ အရေးပေါ်ကိစ္စရပ်အဖြစ် တင်သွင်းဆွေးနွေး ဆုံးဖြတ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကိစ္စ ဆုံးဖြတ်ချက်ကို မြန်မာ့လွှတ်တော် ကိုယ်စားပြု မြန်မာကိုယ်စားလှယ်အဖွဲ့က ပြတ်သားစွာ ကန့်ကွက်ဆွေးနွေးခဲ့မှုကို လွှတ်တော်က သဘောတူ အတည်ပြုပေးဖို့ အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်နာယက က ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံတကာပါလီမန်များ IPU ညီလာခံတိုင်းမှာ လက်ရှိ နိုင်ငံတကာကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အရေးပေါ် အကြောင်းအရာ Emergency item တခုကို အစည်းအဝေး အစီအစဉ်မှာ ထည့်သွင်းဆွေးနွေးလေ့ ရှိပါတယ်။ ၁၃၇ ကြိမ်မြောက် ညီလာခံရက်မတိုင်မီ အဖွဲ့ဝင်နိုင်ငံများက Emergency Item များကို IPU ကို ကြိုတင်ပေးပို့ခဲ့ရာမှာ OIC အဖွဲ့ဝင် မော်ရိုကိုနိုင်ငံ အပါအဝင် ၈ နိုင်ငံက ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို တင်သွင်းထားတာ တွေ့ရှိရတာကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ချေပဆွေးနွေးနိုင်တဲ့ အခွင့်အရေးရရှိဖို့ ရခိုင်ပြည်နယ်နဲ့ စပ်လျဉ်းတဲ့ Emergency item တခု တန်ပြန်တင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024