Home
မြန်မာသတင်း
၁၀ နှစ်ကျော် ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ်ဂိတ် ပြန်ဖွင့်ပေးရန် ဒေသခံများ လိုလား
DVB
·
March 10, 2018
ထိုင်း-မြန်မာ နယ်ခြားမှတ်တိုင် အမှတ်(၁) BP-1 ပြန်လည်ဖွင့်လှစ်ဖို့ ဒေသခံတွေနဲ့ "၀"တောင်ပိုင်း တာဝန်ရှိသူတွေက လိုလားနေကြပါတယ်။ ထိုင်း-မြန်မာ နယ်ခြားမှတ်တိုင်အမှတ်(၁) (BP1) အနီးက နယ်စပ်ဂိတ်ကို ပိတ်ထားတာ ၁၀ နှစ်ကျော် ကြာမြင့်လာတဲ့အတွက် ဒေသခံပြည်သူတွေ ကုန်သွယ်မှုအခက်အခဲ ဖြစ်နေတာပါ။ အဲဒီဂိတ်ကို ပြန်ဖွင့်ဖို့ "၀"ခေါင်းဆောင်တွေက ပြန်လည်ဖွင့်လှစ်ဖို့ အစိုးရကို  အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ UWSA "၀"တောင်ပိုင်း တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ စစ်ဒေသ(၁၇၁) "၀"တောင်ပိုင်း UWSA  က ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်က “ကျနော်တို့ ပြည်သူတွေ အရပ်သားတွေကို စာနာထောက်ထားသောအားဖြင့် ဒီ BP(1) ကို ဖွင့်ပေးဖို့ အစိုးရကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ကျနော်တို့ တောင်းဆိုတာကလည်း ပြည်သူတွေရဲ့ အခက်အခဲ လျှော့သွားအောင် တောင်းဆိုရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိတော့ မဖွင့်ပေးသေးဘူး။ အခုဆို နယ်စပ်ဂိတ်ပိတ်ထားတာ ၁၀ နှစ်ကျော်သွားပြီ” လို့ ပြောပါတယ်။ နယ်ခြားမှတ်တိုင် အမှတ်(၁) BP-1 နယ်စပ်ဂိတ်ကို ၁၉၉၉ ခုနှစ်ကတည်းက နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်နဲ့ တပ်မတော်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ဂိတ်ကို ပိတ်ထားတဲ့အတွက် ဒေသတွင်း ကုန်စည်တွေကို တာချီလိတ်ကနေတဆင့် တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်နေပြီး ဒေသခံတွေလည်း အခက်အခဲဖြစ်နေတာပါ။ နယ်ခြားမှတ်တိုင်အမှတ်(၁) BP-1 ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်အတွင်းမှာ တည်ရှိပြီး အဲဒီဒေသတွေကို မြန်မာ့တပ်မတော်နဲ့ UWSA ၀တပ်တွေ ထိန်းချုပ်ထားတာ ဖြစ်ကြပါတယ်။ အရင် BP-1 ဖွင့်ခဲ့တုန်းက ဒေသခံတွေဟာ ကုန်သွယ်မှုလွယ်ကူပြီး ဒေသထွက် ကုန်တွေအတွက် ထိုင်းကို အလွယ်တကူ တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ မိုင်းတုံမြို့နယ် ဒေသခံတဦးဖြစ်တဲ့ ဦးမင်းမင်းဇော်က “နယ်ခြားမှတ်တိုင်အမှတ်(၁) BP(1) ဆိုတာ အရင်တုန်းကတော့ တရားမ၀င်ဖွင့်ခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းကဆိုရင် ဒေသခံတွေလည်း ထိုင်းပစ္စည်းကို လွယ်လွယ်ကူကူနဲ့ အရည်အသေးမြင့်ပစ္စည်းတွေသုံးစွဲရတယ်။ အပြန်အလှန်အနေနဲ့ ဒေသထွက်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုလည်း တရားဝင် အလွယ်တကူတင်ပို့လို့ရတယ်။ အခုပိတ်ထားလိုက်တော့ ဒေသထွက်ကုန်တွေက တာချီလိတ်ကနေ လှည့်ပတ်သွားရတာပေါ့၊ ကုန်သွယ်မှုစရိတ်ကြီးမြင့်တဲ့ဒဏ်ကို ခံစားရပြီး ဒေသလည်း တိုးတက်မှုသိပ်မရှိတော့ဘူး"လို့ ပြောပါတယ်။ BP-1 နယ်စပ်ဂိတ်ဟာ တောင်ကြီးမြို့နဲ့ နေ့ချင်းကုန်သွယ်မှုပြုနိုင်တဲ့လမ်းကြောင်း တစ်ခုဖြစ်တဲ့အတွက် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင် ၀ တောင်ပိုင်းဒေသအတွက် ထိုင်းနိုင်းနိုင်ငံနဲ့ ကုန်သွယ်မှု မြင့်မားလာနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ အဲဒီဂိတ်ပိတ်ထားတဲ့အတွက် တောင်ကြီး-တာချီလိတ်လမ်းကြောင်း ကို အသုံးပြူနေရပါတယ်။ အဲဒီအတွက် ခရီးလမ်းရှည်လျှားပြီး ၁ ညအိပ် ၂ ရက်လောက် သွားလာနေရတဲ့အတွက် ကုန်သွယ်မှုဟာလည်း ကျဆင်းနေတာဖြစ်ပါတယ်။ ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024