ပုသိမ်ရွှေပြည်တော် ရုပ်ရှင်ရုံငှားရမ်းခ ခေတ်နှင့်လျော်ညီရန် တိုးမြှင့်ကောက်ခံမည်
DVB
·
March 10, 2018
ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အစိုးရပိုင် ပုသိမ်ရွှေပြည်တော်ရုပ်ရှင်ရုံကို တလငွေကျပ် တသိန်းလေးသောင်းကျော်နဲ့ ငှားရမ်းထားတာကို ခေတ်ကာလနဲ့လျော်ညီအောင် တိုးမြင့်ကောက်ခံဖို့ ရှိနေပါတယ်။
အစိုးရဟောင်းလက်ထက်ကထဲက ပုဂ္ဂလိကကို စာချုပ်ချုပ်ဆိုငှားရမ်းထားတဲ့ ငှားရမ်းခက ခေတ်ကာလနဲ့ကြည့်ရင် မကိုက်ညီတဲ့ ငှားရမ်းခဖြစ်နေတဲ့အတွက် ငှားရမ်းခ စိစစ်သတ်မှတ်ရေး ဥက္ကဋ္ဌဖြစ်တဲ့ တိုင်းဒေသကြီးစီမံဘဏ္ဍာဝန်ကြီးကလည်းငှါးရမ်းခတွေပြင်ဆင်သတ်မှတ်ဖို့ ပြည်ထောင်စုကို တင်ပြထားတယ်လို့ တိုင်းဒေသကြီး ပြန်ကြားရေးတာဝန်ခံ ဧရာဝတီတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဧရာဝတီတိုင်းမှာအရင်ကာလတွေက အစိုးရပိုင်ရုပ်ရှင်ရုံတွေ အများအပြားရှိခဲ့ပေမယ့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ အစိုးပိုင်ရုပ်ရှင်ရုံတွေကို ရောင်းချလိုက်တာကြောင့်တတိုင်းလုံးမှာ အစိုးရပိုင်အနေနဲ့ ပုသိမ်မြို့က ရွှေပြည်တော်ရုပ်ရှင်ရုံ တရုံသာရှိပါတယ်။