ရုရှားသမ္မတရွေးကောက်ပွဲ မဲရုံလေ့လာသူ ထောင်နှင့်ချီ ငြင်းပယ်ခံရ

ဓာတ်ပုံ - ရိုက်တာ
ထောင်နဲ့ချီတဲ့ လေ့လာသူတွေဟာ ရုရှားသမ္မတ ရွေးကောက်ပွဲမှာ မဲရုံတွေကို လေ့လာခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။ ရုရှားနိုင်ငံမှာ မကြာခင် ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွင်း မဲရုံတွေမှာ လေ့လာခွင့် တောင်းခဲ့တဲ့ မီဒီယာ ၂ ခုအတွက် တရားဝင် အသိအမှတ်ပြုလွှာ ထုတ်ပေးဖို့ ရုရှား ဗဟို ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၈ ရက် နေ့မှာ ငြင်းပယ်လိုက်တာပါ။ ငြင်းပယ်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကို ဖော်ပြဖို့ ရွေးကောက်ပွဲ ကော်မရှင်က ငြင်းခဲ့တယ်လို့ မိုညင်မီဒီယာ တည်ထောင်သူ ဗိုက်စီလီစ် ဗိုက်စ်ဘာ့ဂ်က ပြောပါတယ်။ သူ့အဖွဲ့အစည်းဟာ ဗဟိုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြသနာ မရှိဘဲ အရင် ၂ နှစ်က လေ့လာသူ အယောက် တထောင်လောက်အတွက် တရားဝင် အသိအမှတ်ပြုလွှာ ရခဲ့ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။ အတိုက်အခံ ခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီရဲ့အဖွဲ့ ဦးဆောင်လည်ပတ် နေတဲ့ မီဒီယာလီဗျာသွန် ကလည်း လေ့လာသူ အယောက် ၄၅၀၀ အတွက် တရားဝင် အသိအမှတ်ပြု ခံရဖို့ ကြိုးစားခဲ့တာပါ။ ဒီမီဒီယာဟာ ရုရှား ဆက်သွယ်ရေး စောင့်ကြည့် စစ်ဆေးတဲ့အဖွဲ့ ရို့စ်ကို မန်ဇော်ရာမှာ မှတ်ပုံတင်မထားလို့ လျှောက်လွှာကို ပယ်ချတာလို့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြန်ကြားရေး အတွင်းရေးမှူး ယူလီယာ ဖှေလိုနီနာကို ကိုးကားပြီး ရုရှား မီဒီယာက အစီရင်ခံပါတယ်။ ဒါ့အပြင် လီဗျာသွန် မီဒီယာရဲ့ လိုင်စင်ကို တရားရုံး ဆုံးဖြတ်ချက်အရ ၂၀၁၇ မှာ ဖျက်သိမ်းထားတယ်လို့ ရုရှား မီဒီယာက ဆိုပါတယ်။ လီဗျာသွန်ရဲ့ ကိုယ်စားလှယ်တွေကတော့ တရားရုံး ကြားနာချက်ကိုရော ရလာဒ်ကိုပါ တခါမှ မကြားဖူးခဲ့ဘူးလို့ ပြောပါတယ်။ ရွေးကောက်ပွဲအတွင်း မီဒီယာ သတင်းယူခွင့် လျှောက်လွှာဟာ မတ်လ ၇ ရက်နေ့က ပိတ်သွားပါပြီ။ မတ်လ ၁၈ ရက်နေ့မှာ သမ္မတရာထူးအတွက် မဲပေးကြမှာပါ။ လက်ရှိသမ္မတ ဗလာဒီ မီယာ ပူတင်က အလွယ်တကူ နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up