မွန်ပြည်သစ်ပါတီ၏ အန်စီအေ အပစ်ရပ်စာချုပ်ရှင်းလင်းပွဲ တပ်မတော် တားမြစ်
DVB
·
March 9, 2018
မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီတပ်စခန်း ဧရိယာမှာ ပြုလုပ်မယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ရှင်းလင်းပွဲ ပြုလုပ်မယ့် အစီအစဉ် ရပ်ဆိုင်းထားလိုက်ရပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေထံ မတ်လ ၈ ရက်က အကြောင်းကြားတားမြစ်ထားလို့ ရှင်းလင်းပွဲပြုလုပ်မယ့် အစီစဉ်တွေကို ရပ်ဆိုင်းထားရတာလို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။
“ဒေသစုံ၊ အဖွဲ့စုံကလူတွေ ပါနိုင်အောင် ဖိတ်ထားတာပေါ့။ လူထုတွေ့ဆုံပွဲဆိုတော့၂၅၀ ဝန်းကျင်ရှိမှာပေါ့။ အဲဒါ တပ်ကလူတွေ များတယ်။ ၂၀-၃၀ ဝန်းကျင်ပဲ ခွင့်ပြုနိုင်မယ်။ အဲထက်ကျော်ရင် ခွင့်ပြုလို့မရဘူး။ အဲလိုပြောလာတော့ ကျနော်တို့ကလည်း လူတစုနဲ့တွေ့လို့ မဖြစ်ဘူးလေ။ ဒါကြောင့် စီစဉ်ထားတဲ့ပွဲတွေ ရပ်ဆိုင်းထားတယ်”
အခုလို မွန်ပြည်သစ်ပါတီက လူထုတွေ့ဆုံပွဲတွေ လုပ်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPJDC)မှာ ဆွေးနွေးထားပြီးဖြစ်တယ်လို့လည်း နိုင်ဝင်းလှက ပြောပါတယ်။
အန်စီအေစာချုပ်အကြောင်းနဲ့ စာချုပ်မှာ မွန်ပြည်သစ်ပါတီက ဘာကြောင့် လက်မှတ်ထိုးခဲ့ရတာလဲ ဆိုတာ လူထုတွေ သိရှိနိင်ဖို့ ရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
လူထုရှင်းလင်းပွဲ မူလအစီစဉ်မှာတော့ မတ်လ ၁၀ ရက်ကနေ ၂၇ ရက်အထိ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက မွန်ပြည်သစ်ပါတီတပ်စခန်း ဧရိယာ ၅ နေရာမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။
မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ဖေဖော်ဝါရီ ၁၃ ရက်က ပါဝင် လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။
သတင်း - ကျော်စိုး၊ ဓာတ်ပုံ - တလချမ်း