A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန်တွင် အမျိုးသမီး ရဲအရာရှိအင်အား တိုးလာ

အာဖဂန်နစ္စတန် နိုင်ငံအတွင်းမှာ အမျိုးသမီး ရဲအရာရှိတွေ အင်အားတိုးလာပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒဟာ ပြည်နယ်ထဲ ရဲအရာရှိတယောက်ဟာ လွန်ခဲ့တဲ့ ၃နှစ်က တာလီဘန်တွေ သတ်တာ ခံခဲ့ရပါတယ်။ သူ့ဇနီးကတော့ စောင့်ရှောက်ဖို့ ကလေး ၄ ယောက်နဲ့အတူ ကျန်ရစ်ခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ရှိုခရီယာဟာ ကလေးတွေကို ပျိုးထောင်ဖို့ ဝင်ငွေရရေးနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ သူ့တာဝန်ဟာ စစ်ဆေးရေး ဂိတ်တွေမှာ ကားတွေ ယာဉ်တွေကို ရပ်ခိုင်းပြီး လုံခြုံရေး စစ်ဆေးရတာပါ။ အမျိုးသမီး ရဲအရာရှိတွေဟာ စစ်ဆင်ရေးနဲ့ အိမ်တွေကို ရှာဖွေရေးအတွင်း အမျိုးသမီးတွေကို ရှာဖွေ စစ်ဆေးရတယ်လို့ ရှိုခရီယာရဲ့ အထက်အရာရှိ အဗ်ဒူ ဘာကီက ပြောပါတယ်။ အရင်က ရဲမေမရှိခဲ့လို့ အိမ်တွေကို ရှာဖွေစီးနင်းချိန်မှာ ပြဿနာတွေ အများကြီး ရှိခဲ့တယ်။ အမျိုးသမီးတွေက ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တော့ လုံခြုံရေး ပိုအားဖြည့်နိုင်ပြီး စစ်ဆင်ရေးတွေမှာ တအား အသုံးတည့်တယ်လို့ သူက ဆက်ပြောပါတယ်။ ရှိုခရီယာကတော့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ တခြားအာဖဂန် အမျိုးသမီးတွေကို အားပေးပါတယ်။ တာလီဘန်တွေလက်ထဲ ရောက်ခဲ့တဲ့ ၂၀၀၁ ခုနှစ် နောက်ပိုင်း ကနေ ခုထိ ကန်ဒဟာ ပြည်နယ်အတွင်း လေဆိပ်နဲ့ တခြားနေရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ အမျိုးသမီး အယောက် ၁၁၀ အနည်းဆုံး ရှိတယ်လို့ ရဲမှူး ဖာတီမာ ဂျန်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up