Homeမြန်မာသတင်း
ရန်ကုန်တွင် ဌာနဆိုင်ရာများအပေါ် ပြည်သူ့မကျေနပ်ချက် တိုင်စာ ၁ လလျှင် အစောင် ၁၀၀ ကျော် ရရှိ
ရန်ကုန်တွင် ဌာနဆိုင်ရာများအပေါ် ပြည်သူ့မကျေနပ်ချက် တိုင်စာ ၁ လလျှင် အစောင် ၁၀၀ ကျော် ရရှိ
ပြည့်ဘုန်းအောင်
·
March 9, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဌာနဆိုင်ရာတွေအပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက် တိုင်စာတွေဟာ တလကို အစောင်ရေ ၁၀၀ ကျော် ရောက်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသင်ဇာမျိုးက လွှတ်တော်မှာ ပြောပါတယ်။
မတ်လ ၈ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုရာမှာ ပြောဆိုခဲ့တာပါ။
အန်အယ်လ်ဒီ အစိုးရ တာဝန်စယူတဲ့အချိန်ကစပြီး လက်ရှိအချိန်ထိ ရန်ကုန်တိုင်းမှာ ပြည်သူတွေက တိုင်ကြားခဲ့တဲ့ တိုင်ကြားစာပေါင်း ၂၀၀၀ ကျော်ရှိခဲ့တယ်။ လက်ရှိအချိန်ထိ ၇ ဦးကို အရေးယူ ဆောင်ရွက်ထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။
လက်ရှိမှာ ဖြေရှင်းဖို့ တိုင်ကြားစာ စုစုပေါင်းစောင်ရေ ၁၀၀၀ နီးပါး ကျန်နေသေးပြီး ပြည်သူတွေ ကျေနပ်မှုမရှိရင် တိုင်ကြားနိုင်ဖို့ တိုင်းဒေသကြီးအစိုးရရုံးမှာ စုံစမ်းရေးဌာနကိုလည်း ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
မတ်လ ၈ ရက် တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်အမတ် ဦးကျော်ဇေယျက ဌာနဆိုင်ရာတွေအပေါ် ပြည်သူတွေ မကျေနပ်ချက်တွေ တိုင်ကြားနိုင်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ စီမံဆောင်ရွက်ထားပုံ၊ လက်ရှိအချိန်ထိ တိုင်ကြားစာပေါင်း ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ တိုင်ကြားစာတွေအပေါ် သက်ဆိုင်တဲ့ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေကို အရေးယူမှု ဘယ်လောက်ရှိခဲ့သလဲဆိုပြီး မေးမြန်းသွားခဲ့တာပါ။