Home
မြန်မာသတင်း
မြန်မာအနေဖြင့် ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံ ပြန်ဖြစ်ရန် လိုအပ်ချက်များစွာရှိနေ
DVB
·
March 9, 2018
မြန်မာနိုင်ငံအနေနဲ့ ထိပ်တန်းဆန်တင်ပို့တဲ့ နိုင်ငံပြန်ဖြစ်ဖို့ ရည်မှန်းထားပေမယ့် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့က လိုအပ်ချက်တွေ ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။ စိုက်ပျိုးမြေပြုပြင်ဖို့၊ စပါးမျိုးသန့်စင်ဖို့၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးမှာ အလေအလွင့်တွေ သက်သာဖို့၊ ဆန်စပါးအရည်အသွေးတွေ ကောင်းမွန်ဖို့နဲ့ လယ်ယာသုံးစက်ကိရိယာတွေ အသုံးပြုနိုင်ဖို့စတဲ့  လယ်ယာကဏ္ဍအတွက် လိုအပ်ချက်တွေ ပဲဖြစ်ပါတယ်။ ဒါကြောင့် ဆန်စပါးအရည်အသွေးတိုးလာဖို့ လယ်ယာကဏ္ဍအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးက မတ်လ ၆ရက်နေ့မှာ ပြောဆိုလိုက်တာပါ။ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က “ဆန်စပါးလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးဘက်က သီးနှံထုတ်လုပ်တဲ့ လုပ်ငန်းကို ဝေဖန်ဆန်းစစ်မယ် ဆိုရင် ကျနော်တို့ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျနော်တို့ စိုက်ပျိုးထုတ်လုပ်မှုက တဧက ကုန်ကျစရိတ် ကြီးမားနေတာကို တွေ့ရပါမယ်။ တဧက ထုတ်လုပ်မှုကလည်း ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လျော့နည်းနေတာကို တွေ့ရပါမယ်။ အရည်သွေးပိုင်း ဆိုရင်လည်း ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လျော့နည်းနေတာကို တွေ့ရပါတယ်”လို့ပြောပါတယ်။ စပါးကောင်းကောင်း စိုက်ပျိုးနိုင်တဲ့ ရေခံမြေခံကို ရရှိထားပေမယ့်  အရင်ကအစိုးရနဲ့ ပုဂ္ဂလိကတို့ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးအောင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တာက ထိုင်း၊ ဗီယက်နမ် စတဲ့ အိမ်နီးချင်း ထိပ်တန်း ဆန်တင်ပို့တဲ့ နိုင်ငံတွေနောက် နိမ့်ကျခဲ့ရတယ်လို့ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က သုံးသပ်ပါတယ်။ “အိမ်နီးချင်းနိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးတဲ့နှုန်းထားနဲ့ ကျနော်တို့နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှု နှုန်းထား ကွာဟမှု ရှိနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီကွာဟမှုရဲ့ အကြီးမားဆုံး အားနည်းချက်က ပုဂ္ဂလိကနဲ့ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်က အဓိက အားနည်းချက် ဖြစ်တယ်။” ၂၀၁၇ ခုနှစ်မှာ နွေစပါးနဲ့ မိုးစပါး စိုက်ဧကပေါင်း ၁၇ သန်းကျော်ကနေ စပါးအထွက် တင်း သန်းပေါင်း ၁၃၀၀ ကျော် ထွက်ရှိခဲ့ပါတယ်။ မတ်လ ၆ ရက်နေ့က အစိုးရနဲ့ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး အခြေခံ ရည်ညွှန်းစပါးဈေးအဖြစ် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိတဲ့ တင်း ၁၀၀ကို ကျပ် ၅ သိန်း ပေးဝယ်ဖို့  သမိုင်းဝင်သတ်မှတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024