Home
မြန်မာသတင်း
ဆပ်ကပ်ဆင် အစွယ်ဖြင့်ထိုးသဖြင့် မျက်မမြင်အဘိုးအို သေဆုံး
DVB
·
March 9, 2018
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကံကြီးကျေးရွာမှာ မတ်လ ၈ ရက် နေ့လယ် ၂ နာရီလောက်က ဆပ်ကပ်ဆင်တစ်ကောင် အစွယ်နဲ့ထိုးတာကြောင့် အသက် ၆၅ နှစ်အရွယ် မျက်မမြင်အဘိုးအိုတဦး သေဆုံးခဲ့ပါတယ်။ အစွယ်နဲ့ထိုးခဲ့တဲ့ဆင်ဟာ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့က အသက် ၉ နှစ်အရွယ်ဆင်ဖြစ်ပြီး ကံကြီးကျေးရွာက အားကစားကွင်းမှာ မတ် ၅ ရက်နေ့နဲ့ ၆ ရက် တွေက ရုံဝင်ကပြဖျော်ဖြေအပြီး တခြားမြို့မှာ သွားရောက်ကပြဖို့ ဆင်တင်မော်တော်ယာဉ်ကို စောင့်နေတုန်း သစ်ပင်မှာ ချည်ထားတာကို မျက်မမြင်အဘိုးအိုက ဝင်တိုက်မိခဲ့တဲ့အတွက် နှာမောင်းနဲ့ပတ်ပြီး အစွယ်နဲ့ပြန်ထိုးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “ဆင်ဦးစီးက ညက ပွဲကထားတော့ အိပ်နေတာပေါ့။ ဆင်ကိုပွဲကူးဖို့ သစ်ပင်မှာ ချည်ထားရင်း ဆင်တင်ကားကို စောင့်နေတဲ့အချိန် ဗေဒင်ဆရာ ဦးအေးသန်းကလည်း မျက်စိမမြင်လို့ တုတ်ကောက်နဲ့ လမ်းလျှောက်နေကျ အဲ့ဒါဆင်ကို ဝင်တိုးပြီး တုတ်ကောက်နဲ့ထိုးပြီး စသလို ဖြစ်သွားတော့ ဆင်က နှာမောင်းနဲ့ပတ်ပြီး အစွယ်နဲ့ထိုးလိုက်တာ” လို့ ကံကြီးကျေးရွာနေ ဦးတင်အောင်ခိုင်က ပြောပါတယ်။ ဆင်အစွယ်နဲ့ အထိုးခံရပြီး သေဆုံးခဲ့တဲ့ ဦးအေးသန်းကိုတော့ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ထားပြီး အောင်ပင်လယ်ဆပ်ကပ်အဖွဲ့က ဆင်ဦးစီး ဦးလှဌေးကိုတော့ မြောင်းမြမြို့မရဲစခန်းက (ပ) ၃၄၆/၂၀၁၈ ပုဒ်မ -၃၀၄(က)နဲ့ ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024