Home
မြန်မာသတင်း
ထိုင်းအကျဉ်းထောင်မှ မြန်မာအလုပ်သမား ၇၀၀ ကျော်ကို နယ်စပ်ပြန်ပို့
DVB
·
May 23, 2012
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲန် ခရိုင် ဗဟိုအကျဉ်းထောင်က မြန်မာ အလုပ်သမားပေါင်း ၇၀၀ ကျော်ကို ကားကြီး ၂၅ စီးလောက်နဲ့ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက မေ ၂၂ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြန်ပို့လိုက်ပြီလို့ ရ၀မ်ဖိုင်း ထိုင်းအွန်လိုင်း သတင်းမှာ ဖော်ပြသွား ပါတယ်။ ပြန်ပို့ခံရတဲ့ မြန်မာအလုပ်သမားတွေထဲမှာ အမျိုးသား ၄၀၁ ဦး၊ အမျိုးသမီး ၃၀၂ ဦးနဲ့ အရွယ်မရောက်သေးတဲ့ ကလေး ၃၅ ဦး စုစုပေါင်း  ၇၃၈ ဦးရှိပြီး ဒါဟာ ခွန်ကဲန်ခရိုင် ဗဟိုအကျဉ်းထောင် အနေနဲ့ မြန်မာအလုပ်သမားတွေကို ပထမဆုံး အလုံးအရင်း နဲ့ နေရပ်ပြန်ပို့မှုလည်း ဖြစ်ပါတယ်။ ဒီအလုပ်သမားမိသားစုတွေဟာ  ခွန်ကဲန်ခရိုင်ရှိ ပိုက်ကွန်နဲ့ ငါးဖမ်းကိရိယာတွေ ထုတ်လုပ်တဲ့  တေချားဖားနစ် စက်ရုံမှာ ၀င်ရောက် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဒီမေလဆန်း ၁၁ ရက်နေ့က အဖမ်းဆီးခံခဲ့ရပြီး ထိုင်းနိုင်ငံထဲကို ခွင့်ပြုချက်မရဘဲ တရားမ၀င် ၀င်ရောက်လာမှု၊ ၀င်ရောက်နေထိုင်မှု၊ အလုပ်သမားကတ်မရှိဘဲ အလုပ်ဝင်လုပ်မှု စတဲ့ စွဲချက် ၃ ခုနဲ့ ခွန်ကဲန်ခရိုင်တရားရုံးက တရားစီရင်ခဲ့ပါတယ်။ ထောင်ထဲမှာ ၁၀ ရက်တာ အကျဉ်းခံရပြီးတဲ့နောက်  အခုလို နယ်စပ်ပြန်ပို့ခံရတာ ဖြစ်တယ်လို့ ခွန်ကဲန်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဒု-ဗိုလ်မှူးကြီး အာနန်ထောင်းဆုက်က ပြောပါတယ်။ နယ်စပ်ပြန်ပို့မခံရခင်မှာ အလုပ်ရှင်ဆီက ရစရာရှိတဲ့ လုပ်အားခ လက်ကျန်ငွေ စုစုပေါင်း ဘတ် ၂ သန်းကျော်ကို ခွန်ကဲန်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးက အလုပ်ရှင်ဆီကနေ တောင်းပေးခဲ့တယ်လို့ သိရပါတယ်။ တေချားဖားနစ်ကုမ္ပဏီဟာ တရားမ၀င်အလုပ်သမား ငှားရမ်းမှု၊ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေကို လုပ်အားခိုင်းစေမှုတွေနဲ့ ဆက်လက်ပြီး အမှုရင်ဆိုင်ရမယ်လို့ ခွန်ကဲန်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးက အရာရှိ နိုင်းဆုမ်ပွန်း တလိုင်းဆီလာနန်က ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024