ဒေါ်အောင်ဆန်းစုကြည်ကို Holocaust ပြတိုက်က ချီးမြှင့်သည့် လူ့အခွင့်အရေးဆု ပြန်သိမ်း
DVB
·
March 9, 2018
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ ကမ္ဘာကျော် Holocaust အမှတ်တရပြတိုက်က ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆု ပြန်လည်ရုပ်သိမ်းကြောင်း ပြတိုက်က သတင်းထုတ်ပြန်ပါတယ်။
၂ဝ၁၂ ခုနှစ်က သူတို့ ချီးမြှင့်ပေးအပ်ထားတဲ့ Elie Wiesel အယ်လီဝီဆဲလ် လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မတ်လ ၇ ရက်က တရားဝင် ကြေညာလိုက်တာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေအပေါ် တပ်မတော်က လူမျိုးတုံး ရှင်းလင်းရေးလုပ်နေတဲ့ ကိစ္စတွေ ရပ်တန့်သွားအောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝေဖန်အရေးယူခဲ့ခြင်း မရှိသလို ကုလသမဂ္ဂ စုံစမ်းသူတွေကိုလည်း လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အခုလို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကို အလွယ်တကူ ချမှတ်ခဲ့တာ မဟုတ်ကြောင်း၊ စစ်တပ်က ဆယ်စုနှစ်များစွာ အဓမ္မစိုးမိုးအုပ်ချုပ်နေတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ် ဆိုတာကိုလည်း မိမိတို့ စာနာနားလည်နိုင်ပါကြောင်း၊ ဒါပေမယ့် မွတ်ဆလင်တွေ ကြုံတွေ့ရတဲ့ ဒုက္ခဆင်းရဲပမာဏက ကြီးမားလွန်းတဲ့အတွက် အရေးယူဖို့ လိုအပ်ကြောင်း၊ ဒီလိုကိစ္စမျိုးမှာ ကြားနေခြင်းဟာ ဖိနှိပ်သူတွေကိုသာ အသာစီးရစေပြီး ဖိနှိပ်ခံ သားကောင်ဖြစ်ရသူတွေကို ဘယ်တော့မှ အကျိုးမပြုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို မတ်လ ၆ ရက်နေ့စွဲနဲ့ ဟိုလိုကော့စ်ပြတိုက်က ပေးပို့လိုက်တဲ့စာမှာ ဖော်ပြထားပါတယ်။